Monday, March 9, 2015

IS အဖွဲ့နှင့် ဘိုကိုဟာရမ် အစွန်းရောက် စစ်သွေးကြွ အုပ်စုနှစ်စု ပူးပေါင်း


နိုင်ဂျီးရီးယားနိုင်ငံ အခြေစိုက် ဘိုကိုဟာရမ် အစွန်းရောက် စစ်သွေးကြွအုပ်စုသည် အီရတ်နှင့် ဆီးရီးယားတွင် အဓိက ခြေကုပ်ယူ လှုပ်ရှားနေသည့် IS အစွန်းရောက် အစ္စလာမ္မစ်အုပ်စုနှင့် ပူးပေါင်းတော့မည် ဖြစ်သည်ဟု ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာရှီကူက ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြထားသည်။




မတ်လ ၇ ရက်နေ့က ဘိုကိုဟာရမ်အဖွဲ့က ထုတ်ပြန်လိုက်သော အသံဖိုင်တစ်ခုတွင် ခေါင်းဆောင် အဘူဘာကာက ဘိုကိုဟာရမ်သည် IS အဖွဲ့ကို သစ္စာခံကာ မွတ်ဆလင်နိုင်ငံတော် တည်ထောင်သွားရန် သန္နိဋ္ဌာန် ချမှတ်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုထားသည်။
“အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့ကို ဘိုကိုဟာရမ်က သစ္စာခံကာ မွတ်ဆလင်နိုင်ငံတော် ထူထောင်သွားမှာ ဖြစ်တယ်” ဟု ယင်းအသံဖိုင်ထဲမှ အဘူဘာကာဟု ယူဆရသူက ဆိုသည်။


အဆိုပါအသံဖိုင်မှာ ဘိုကိုဟာရမ် အုပ်စုက အမှန်တကယ် ထုတ်ပြန်ခဲ့ခြင်း ရှိ၊ မရှိ ဟူသည်ကို ကွဲကွဲပြားပြား မသိရသေးသော်လည်း အကြမ်းဖက် အုပ်စုများအကြောင်း လေ့လာလျက်ရှိသည့် ပညာရှင်တစ်ဦး ဖြစ်သော ယက်ကော့ဇန်းက ယင်းအသံဖိုင်သည် ဘိုကိုဟာရမ်က အမှန်တကယ် ထုတ်ပြန်ခဲ့ပုံရကြောင်း ပြောကြားသည်။


“ဘိုကိုဟာရမ် အုပ်စုက ထွက်လာတဲ့ တခြားအသံဖိုင်တွေဟာ အတုတွေ ဖြစ်ပေမယ့်လည်း ဒီတစ်ခေါက် အသံဖိုင်ထဲက အသံကတော့ အဘူဘာကာရဲ့ အသံဆိုတာ သေချာတယ်” ဟု ၎င်းက ပြောကြားသည်။
“ဘိုကိုဟာရမ်က IS အုပ်စုနဲ့ ပူးပေါင်းမယ်ဆိုတဲ့ ကိစ္စက နှစ်ဖက်စလုံးအတွက် အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်ပါပဲ။ အဲဒီလို ပူးပေါင်းလိုက်တော့ ဘိုကိုဟာရမ်မှာ တရားဝင် လုပ်ပိုင်ခွင့်တွေ ပိုရလာမယ်။ သူက IS အတွက် လူစုဆောင်းပေးမယ်၊ ပြင်သစ်ဘာသာစကား ပြောတဲ့ အနောက်အာဖရိက ဒေသမှာ ရန်ပုံငွေနဲ့ ထောက်ပို့ကိစ္စတွေ ရှာဖွေလုပ်ကိုင်ပေးလိမ့်မယ်” ဟု ၎င်းက နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့မှ ဆက်သွယ်ပြောဆိုသည်။
ထို့ပြင် မီဒီယာမှတစ်ဆင့် လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ပြုလုပ်နိုင်ရန် ဘိုကိုဟာရမ်ကို IS အုပ်စုက လမ်းညွှန်မှုများ ပေးလိမ့်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။


အခြားသော အကြမ်းဖက် အဖွဲ့အစည်းများ လေ့လာစောင့်ကြည့်နေသူများက ယခုလို ပူးပေါင်းခြင်းအားဖြင့် ဘိုကိုဟာရမ်သည် IS အုပ်စုအတွက် အင်အားအကြီးမားဆုံး မဟာမိတ်အဖွဲ့ ဖြစ်လာကြောင်း ပြောကြားသည်။
သို့သော် ဘိုကိုဟာရမ်နှင့် IS တို့ ရေရှည်ကာလတွင် အတူတကွ လက်တွဲနိုင်ခြင်း ရှိ၊ မရှိ ဟူသော အချက်ကို အမေရိကန် ထောက်လှမ်းရေး အရာရှိကြီးများက သံသယဖြစ်လျက် ရှိသည်။


အကြောင်းမှာ ဘိုကိုဟာရမ်အုပ်စုနှင့် IS တို့ အစ္စလာမ်ဆိုင်ရာ အခြေခံသဘောတရားများအပေါ် အဓိပ္ပာယ်ကောက်ယူမှု တူညီသည့်တိုင် ဘိုကိုဟာရမ်သည် အာဖရိကဒေသတွင် ပေါက်ဖွားပြီး အာဖရိကစရိုက် လွှမ်းမိုးခြင်း ခံရသောအဖွဲ့ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

The Voice Weekly

No comments:

Post a Comment