Tuesday, March 31, 2015

သင်္ကြန်တွင် သရုပ်ပျက် ၀တ်စား ဆင်ယင်သူများအား တားဆီး ပိတ်ပင်မည်


                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တော် အတွင်း၌ မဟာသင်္ကြန် ရိုးရာပွဲတော် ကာလ ရေကစားရာတွင် ယဉ်ကျေးမှုနှင့် လျော်ညီခြင်း မရှိသည့် သရုပ်ပျက် ၀တ်စား ဆင်ယင်ကာ လည်ပတ်သူ များအား တားဆီးပိတ်ပင် သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံ့ရေး ၀န်ကြီးဌာန ထံမှ သိရသည်။

                မြန်မာ့ရိုးရာ အတာသင်္ကြန် ကာလများ အတွင်း ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် သရုပ်ပျက် ၀တ်ဆင် ဆင်ယင်သည့် အမျိုးသား၊ အမျိုးသမီး များ ရေကစား မဏ္ဍပ် အတွင်းသို့ ၀င်ရောက်ခြင်း မရှိစေရေးနှင့် မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေးတို့ အတွက် မြို့ပြင်ဝင်/ ထွက် ဂိတ် အသီးသီးတွင် လုံခြုံရေးများမှ စစ်ဆေးမှုများ ထပ်မံ ပြုလုပ် သွားမည် ဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရသည်။


               မုံရွာသင်္ကြန်ကို ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ သင်္ကြန်မျိုး မဖြစ်စေချင် ပါဘူး။ အဓိက အမျိုးသမီးလေး တွေက မပေါ့်တပေါ် မလုံမလဲ ဖြစ်နေတဲ့ သရုပ်ပျက် အ၀တ်အစားတွေ ၀တ်ဆင်လာရင် မဏ္ဍပ်တွေ အနားကို အကပ်မခံနိုင် ပါဘူး။ လုံခြုံရေးတွေက အတူပါလာ သူတွေကို ခေါ်ယူ သတိပေးမယ်။ လုံခြုံတဲ့ အ၀တ်အစားကို အစားထိုး လဲခိုင်းပေး သွားမယ်။ အဲလို သရုပ်ပျက် အ၀တ်အစားတွေကြောင့် သင်္ကြန်အတွင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပွား ကြတယ်။ ပြီးတော့ စိတ်မထိန်းနိုင်ဘဲ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြတယ်။ ဒါကြောင့် မဖြစ်ခင်က ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သရုပ်ပျက် အ၀တ်အစားတွေ ၀တ်လာရင်တော့ လည်ပတ်ခွင့်ကို ပိတ်ပင် တားဆီးလိုက် မှာပါ ဟု တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှုးကြီး ကြည်နိုင်က The Messenger Media သို့ ပြောသည်။ မုံရွာမြို့တွင် ဌာနဆိုင်များမှ သင်္ကြန်မဏ္ဍပ် ရှစ်ခုနှင့် ပုဂ်္ဂိလကပိုင် အနည်းငယ်သာ ရေကစား ကြမည် ဖြစ်ပြီး အလှပြယာဉ် (၁၃) စီး တို့မှ မြို့တွင်း အနှံ့ လှည့်လည်ကာ ကပြဖျော်ဖြေပေး သွားမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီး ဌာနထံမှ သိရသည်။

No comments:

Post a Comment