Saturday, March 28, 2015

ဖုန်ကြားရှင်တပ်ဖွဲ့မှ လက်နက်များဖြင့် ပြစ်မှုကျူးလွန်သူ ရှစ်ဦး အား ပြစ်ဒဏ် ချမှတ်

ဖုန်ကြားရှင်တပ်ဖွဲ့မှ လက် နက်ခဲယမ်းများနှင့်အတူ မြန်မာနိုင်ငံ အတွင်း ဝင်ရောက် လာပြီး ပြစ်မှု အမြောက် အမြား ကျူးလွန်ခဲ့သူ တရုတ်နိုင်ငံသား ရှစ်ဦးအား ၎င်း တို့ကျူးလွန်ခဲ့သော ပြစ်မှုအချို့ အတွက် တရားရုံး အသီးသီး က ထောင်ဒဏ် (၂၅) နှစ်စီ ချမှတ်ခဲ့ပြီး ဖြစ်သည့် အပြင် ဓားပြမှု၊ လူသတ်မှု များ အတွက်လည်း လားရှိုး ခရိုင်တရား ရုံးက မတ် ၂၆ ရက်တွင် ထောင် ဒဏ် တစ်သက်တစ်ကျွန်း ထပ်မံချမှတ် ခဲ့ ကြောင်း သတင်း ရရှိသည်။

တရုတ်နိုင်ငံသားများ ဖြစ်ကြ သော ဟန်လုလု (၂၅ နှစ်)၊ ဖန်စင်းချိန် (၂၁ နှစ်)၊ လီထယ် (၂၂ နှစ်)၊ ကျန်း ကျိန် (၁၉ နှစ်)၊ လျှိုလန် (၂၁ နှစ်)၊ လျှိုယက်ချန်း (၁၉ နှစ်)၊ ရန်ရှော်ဟုန် (၁၉ နှစ်)၊ ကျန်းယိန် (၁၇ နှစ်)တို့ ရှစ်ဦးမှာ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီ လပိုင်းက မြန်မာနိုင်ငံ မိုင်းလား မြို့သို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး ဖုန်ကြား ရှင်၏ (MNDAA) တပ်ဖွဲ့တွင် စစ်သင်တန်း တက်ရောက်၍ ကြေးစား စစ်သားများအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ယင်းတပ်ဖွဲ့တွင် မျှော် မှန်း ထားသလောက် လစာရိက္ခာမရရှိခြင်း ကြောင့် ယင်းတပ်ဖွဲ့မှ လက်နက်များ၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးများ၊ မိုင်း နှင့်ဆက်စပ် ပစ္စည်းများ ခိုးယူ၍ထွက် ပြေးလာကာ လားရှိုးမြို့သို့ တော လမ်း မှ ဝင်ရောက်လာခဲ့သည်။ လားရှိုးမြို့ တွင် PROBOX ကားတစ်စီးကို လု ယူမောင်းနှင်ပြီး မန္တလေး ဘက်သို့ ပြည်ထောင်စု လမ်းမကြီး အတိုင်း မောင်းနှင် လာစဉ် လားရှိုးမြို့အထွက် လွယ်လန့်ကျေးရွာ၌ ယာဉ်တိုက်မှု ဖြစ်ပွားကာ ကားမှာပျက်စီးသွားခဲ့ သည့်အတွက် ယင်းနေရာအနီးမှပင် TOYOTA TUNDAR 4WD ကားတစ် စီးကို ထပ်မံ လုယက်မောင်း နှင်ခဲ့သည်။ ကျောက်မဲမြို့နယ် ခိုမုန်း ကျေးရွာ အုပ်စု ပေါက်အင်းကြီးရွာ အနီး တောင်ယာကွက်တစ်ခုအတွင်း ၌ ယင်းကား၏ ယာဉ်မောင်း ဦးသိန်း အောင်အား သတ်ဖြတ်၍ မြေမြှုပ် ထားခဲ့ကြပြီး ဆက်လက်မောင်းနှင် လာခဲ့ကြရာ ၎င်းတို့အား အိန္ဒိယ နယ်စပ် တမူးမြို့တွင် လွန်ခဲ့သည့်နှစ် ဧပြီ ၂၅ ရက်က လက်နက်ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားရှစ်ဦးအား မုံရွာ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ လဝက အက်ဥပဒေပုဒ်မ-၁၃(၁)၊ လက်နက် ဥပဒေ ပုဒ်မ-၁၉(က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၇ တို့ အရ အသက် (၁၇နှစ်)သာ ရှိသေး သော လူငယ် တရားခံ ကျန်းယိန်အား ထောင်ဒဏ် ၁ဝနှစ် နှင့် ကျန်တရားခံ ခုနစ်ဦးအား ထောင်ဒဏ် ၁၃ နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီးဖြစ်သည် ။

လားရှိုးမြို့နယ်အတွင်း ၎င်းတို့ ကျူးလွန်ခဲ့သည့် PROBOX ကားကို လုယူမောင်းနှင်သော ဓားပြမှု၊ အကျိုး ဖျက်ဆီးမှုတို့အတွက် လားရှိုးခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ယင်း ပြစ်မှုများအတွက် လူငယ်တရားခံ ကျန်းယိန်အား ထောင်ဒဏ် ၁ဝ နှစ် နှင့် ကျန်တရားခံ ခုနစ်ဦးအား ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီး ချမှတ် ခဲ့ပြီးဖြစ်သည် ။

လားရှိုးမြို့နယ် အတွင်းမှ TOYOTA TUNDAR 4WD ကားကို လုယူသွားပြီး ကျောက်မဲမြို့ နယ်အတွင်းတွင် ယာဉ်မောင်း ဦးသိန်း အောင် အားသတ်၍ မြေမြှုပ်ထား ခဲ့သောအမှုအတွက် လားရှိုးခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ပြစ်မှု ကြီးအမှုအမှတ်-၁/၂ဝ၁၅ တွင် ပြစ်မှု ပုဒ်မ-၃၉၆ အရ ပြစ်မှုကျူးလွန် ကြောင်း ထင်ရှား၍ လူငယ် တရားခံ ကျန်းယိန် အား ထောင်ဒဏ် ၁ဝနှစ်နှင့် ကျန်တရားခံခုနစ်ဦးအား ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံစေရန် မတ် ၂၆ ရက်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားခံများ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သော ပြစ်မှုအသီးသီးတို့ အတွက် တရားရုံးအသီးသီးက ချမှတ်ခဲ့သော ပြစ်ဒဏ်များမှာ လူငယ် တရားခံ ကျန်းယိန်အား စုစုပေါင်း ထောင် ဒဏ် အနှစ် ၃ဝ နှင့် ကျန် တရားခံဟန်လုလု၊ လီထယ်၊ လျှိုလျန်၊ ဖန်စင်းချိန်၊ ကျန်းကျိန်၊ လျှိုယက်ချန်း၊ ရန်ရှော်ဟုန်တို့အား စုစုပေါင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၂၅ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်ပြီး တရားခံများ၏ ပြုမူဆောင် ရွက်ချက်မှာ သာမန်ပြစ်မှု ကျူးလွန် ခြင်းမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ထိခိုက် စိန်ခေါ်ရာ ရောက်သဖြင့် သက်ညှာ ရန်အကြောင်းမရှိ၍ ထိရောက် ဟန့်တားသောပြစ်ဒဏ်များ ချမှတ် ရခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment