Saturday, March 28, 2015

ပုဏ္ဏားကျွန်းမှာ ငါးရှာသူ အသတ်ခံရပြီး မင်းပြားမှာ ကဏန်းရှာသူ ဓားခုတ်ခံရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်ကျေးရွာမှာ ကဏန်းရှာဖွေတဲ့ ဒေသခံတစ်ဦး ဓားခုတ်ခံရပြီး ပုဏ္ဏားကျွန်းမြို့နယ် မှာလည်း ငါးရှာတဲ့ ဒေသခံတစ်ဦး အသတ်ခံရတယ်လို့ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

မင်းပြားမြို့နယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေနေတဲ့ ဆင်ကြီးပြင်ကျေးရွာက အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးကို ဘင်္ဂလီတွေနေတဲ့ ဆင်ကြီးပြင်ကျေးရွာက အသက် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦးက မတ်လ ၂၆ ရက်နေ့မှာ ဓားနဲ့ ခုတ်ခဲ့တာဖြစ်တယ်လို့ မင်းပြားမြို့မရဲတပ်ဖွဲ့ ရဲအုပ်စိန်ထွန်းဦးက ပြောပါတယ်။

ဓားနဲ့ခုတ်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း သက်သေခံပစ္စည်းတွေနဲ့ ဝန်ခံထားတာကြောင့် ပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲအုပ်က ဆက်လက်ပြောပါတယ်။ ဓားခုတ်ခံရသူ ဦးစောသိန်းအောင်ဟာ ဦးခေါင်းမှာ အလျား ၅ စင်တီမီတာ စုတ်ပြဲသွားကာ အနက် ၂ စင်တီမီတာခန့် ရှိပြီး လက်ရှိ မင်းပြားဆေးရုံမှာပဲ ဆေးကုသခံနေတာ ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့ ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲလမ်းချောင်းကျေးရွာမှာ အသက် ၄၁ နှစ်အရွယ် ဦးအောင်သန်း ငါးရှာသွားစဉ် အသတ်ခံရတယ်လို့ သဲတက် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ခင်မောင်ဇော်က ပြောပါတယ်။

ဦးအောင်သန်းဟာ မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ ခန့်မှာ ငါးရှာထွက်သွားရာကနေ ပြန်မလာ တာကြောင့် နီးစပ်သူတွေက လိုက်ရှာဖွေရာ နောက်တစ်နေ့ မတ်လ ၂၄ ရက်နေ့ မနက်မှ သူ့ရဲ့ အလောင်းကို တွေ့ရတာဖြစ်တယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဦးအောင်သန်းရဲ့အလောင်းကို ပုဏ္ဏားကျွန်း မြို့နယ်ဆေးရုံကို ပို့ထားပြီး စစ်ဆေးတဲ့အခါ စူးနဲ့ထိုးထားတဲ့ ဒဏ်ရာ ၂၁ ချက် ရှိနေတယ်လို့ ပုဏ္ဏားကျွန်း ဦးရာဇ်မြေလူမှုအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ သဲတက်ရဲတပ်ဖွဲ့နဲ့ ပုဏ္ဏားကျွန်းမြို့မ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ပြစ်မှုကျူးလွန် သူတွေကို ဖော်ထုတ်နိုင်ဖို့အဖွဲ့သုံးခု ခွဲကာ အနီးအနားကျေးရွာတွေမှာ စုံစမ်းနေကြပြီလို့ ဦးကျော်ဝင်းက ပြောပြပါတယ်။

The Voice Weekly

No comments:

Post a Comment