Saturday, March 28, 2015

မှောင်ခို အမဲလိုက်သမားများကို ဟန့်တားပေးမည့် ဒရုန်းလေယာဉ်


မှောင်ခိုအမဲလိုက်သမားတွေကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်မယ့် ဒရုန်းလေယာဉ်ကို ဘာစီလိုနာ မှာရှိတဲ့ ကတ္တလိုးနီးယားနည်းပညာ တက္ကသိုလ်မှ အင်ဂျင်နီယာတွေက တီထွင်လိုက်ပါတယ်။
၂၀၀၈ ခုနှစ်ကစပြီး တောင်အာဖရိကမှာ မှောင်ခိုအမဲလိုက်သမားတွေ သတ်ခဲ့တဲ့ ကြံ့ကောင်ရေ ၃၀၀၀ နီးပါးရှိသွားပြီမို့ ကြံ့မျိုးစိတ် မျိုးတုံးသွားမှာကို စိုးရိမ်နေကြရပါတယ်။

ဘာစီလိုနာမှာရှိတဲ့ ကတ္တလိုးနီးယားနည်းပညာ တက္ကသိုလ်မှ အင်ဂျင်နီယာတွေဟာ ဒေသတွင်းက ဒရုန်းယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ HEMAV နဲ့အတူ Keros 1 ကို တီထွင်ခဲ့ကြပါတယ်။

ဒီယာဉ်ဟာ သိပ်ကိုကျယ်ဝန်းတဲ့ဥယျာဉ်ကြီးတွေထဲမှာ မှောင်ခိုသမားတွေကို ထိထိရောက်ရောက် ဟန့်တား နိုင်တယ်လို့ သူတို့အဖွဲ့က ဆိုပါတယ်။

“ခုဆိုရင် အမျိုးသားဥယျာဉ်တွေမှာ ရင်ဆိုင်ရတဲ့ပြဿနာနှစ်ခုရှိပါတယ်။ ကြံ့တွေနဲ့ မှောင်ခိုသမား တွေကို ထောက်လှမ်းရတဲ့အလုပ်ပါပဲ။ ဒီအလုပ်တွေကို ရဟပ်ယာဉ်တွေ လေယာဉ်တွေသုံးပြီး လုပ်ခဲ့ရတာ ဒီကနေ့ ထိပါ။ သိပ်ကို အကုန်အကျများပါတယ်။ နောက်ပြီးတော့ လေ ယာဉ်တွေ လာချိန်မှာ သစ်ပင်တွေအောက် ၀င်ပုန်းနေရင် မမြင်ရတော့ဘူး။ ဒီပြဿနာကိုတော့ အပူ ပုံရိပ်ဖော်ကင်မရာနဲ့ ဖြေရှင်းပါတယ်။ အခုဒီမှာ မြင်နေရသလိုပေါ့နော်။ ပုံရိပ်ရဲ့အစက်အပျောက် တခုချင်းစီက အပူချိန်ပေါ်မူတည်ပြီး အရောင်မတူကြဘူး။  ဒီကင်မရာကို ဒရုန်းမှာ ဆင်ပေးလိုက်တော့ ဓာတ်ပုံတွေရိုက်ပြီး တောခေါင်းတွေဆီ တိုက်ရိုက်လှမ်းပို့ ပေးတယ်။

အပူထိန်းပလတ်တစ်နဲ့တည်ဆောက်ထားတာမို့ ၁ နာရီသက်တမ်းခံတဲ့ ဘက်ထရီးအားနဲ့ ဒီဒရုန်းလေယာဉ် ဟာ ၁ နာရီကို ကီလိုမီတာ ၅၀ နှုန်းတိုက်နေ တဲ့လေထဲမှာ ပျံသန်းနိုင်ပါတယ်။ ၁ စင်းကို ဒေါ်လာ တစ်သောင်း လောက်ကုန်ကျပေမယ့် မှောင်ခိုအမဲလိုက်ခြင်းကို ဟန့်တားတဲ့ တခြားနည်းတွေထက် သက်သာ တယ်လို့ HEMAV ရဲ့မန်နေဂျာ ခါးလို့စ်ဖဲရာ့ဇ် ကဆိုပါတယ်။

“အမျိုးသားဥယျာဉ်တွေမှာ ၃ လစာ ရဟပ်ယာဉ်ငှားမယ့်ငွေနဲ့ ဒရုန်းယာဉ်တွေ ကို ဖောဖောသီသီ သုံးပစ် လိုက်လို့ရတယ်။ နည်းပညာလည်းပိုမြင့်လာမယ်။ ဒီဥယျာဉ်ကြီးတခုလုံးကို ကင်းလှည့်ဖို့က ရဟပ်ယာဉ် တပ်သား ၃ ဦးလောက် လိုတယ်။ အရေးကြီးတဲ့ သတ်မှတ်နေရာတွေမှာ ဒရုန်းယာဉ်ကို အစားထိုး သုံးမယ် ဆိုရင် နာရီပိုင်း ဒါမှမဟုတ် မိနစ်ပိုင်းအတွင်း ဥယာဉ်တခုလုံးကို ကင်း လှည့်ပြီး သားဖြစ်သွားမယ်။”

ခုဆိုရင် HEMAV ကုမ္ပဏီဟာ အာဖရိ၊ တောင်အမေရိကနဲ့ အာရှဒေသမှ အမျိုးသားဥယျာဉ်မှ အာဏာပိုင် တွေနဲ့ ဆွေးနွေးနေပြီဖြစ်သလို ဥယာဉ်တခု ချင်းစီနဲ့လိုက်ဖက်မယ့် ယာဉ်အမျိုးအစားတွေကို ထုတ်လုပ်ဖို့ စီစဉ် နေပြီဖြစ်ပါတယ်။

ဘော့ဆွာနာနိုင်ငံက တရားမ၀င်သားငှက်မှောင်ခို ကုန်သွယ်မှုနဲ့စပ်လျဉ်းပြီး ဒီအပတ်အတွင်းကျင်းပမယ့် ညီလာခံမှာ သက်ဆိုင်ရာကိုယ်စားလှယ်တွေ တက်ရောက်ပြီး ဝေဟင်ကနေ စောင့်ကြည့်ဟန့်တားမှုတွေ လုပ်မလား ဆိုတဲ့ အပေါ် ဆွေးနွေးစေချင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

DVB

No comments:

Post a Comment