Sunday, March 22, 2015

ကော့သောင်းတွင် ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး ရောက်ရှိနေ


ကော့သောင်း (တောင်ဘက် အစွန်ဆုံးမြို့)တွင် ခရမ်းလွန်ရောင် ခြည် ၁၄ ဒသမဝ ရှိနေပြီး အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီဖြစ် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

လက်ရှိတွင်နေသည် မြောက်ယဉ်စွန်းတန်း ၂၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ကို ဦးတည်ရွေ့လျားလာနေပြီး ယခုလ ၂၁ ရက်တွင် ရောက်ရှိလာမှာဖြစ်ပြီး၊ ထို့ပြင် မြစ်ကြီးနား (ကချင်ပြည်နယ်)တွင် လည်း Peak Value အထိမရောက်သေးခြင်းဖြစ်ကြောင်း၊ ယင်းနောက်တွင်တောင်ဘက်သို့ ပြန်လည်၍ ဆင်းလာမည် ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။
''အဲ့ဒါကြောင့် နောက်လာမယ့် တစ်လအတွင်း နေဟာမြန်မာ နိုင်ငံအတွင်း ဦးခေါင်းပေါ်တည့်တည့်မှာ ရှိနေဦးမှာဖြစ်တဲ့ အတွက် ခရမ်းလွန်ရောင်ခြည်တွေ ဆက်လက်မြင့်မား နေဦးမှာဖြစ်ပါတယ်'' ဟု၎င်းက ခန့်မှန်းသည်။

ထို့အပြင် ကချင်ပြည်နယ်တွင်လည်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်သော အဆင့်တွင်ရှိ နေဆဲဖြစ်ပြီး၊ ကျန်တစ် ပြည်လုံးမှာတော့ လွန်ကဲအဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်း၊ မြစ်ကြီး နား(မြောက်ဘက်အစွန်ဆုံးမြို့)တွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁ဝ ဒသမ ၄ အနည်းဆုံး အဆင့်တွင်ရှိနေကြောင်း ၄င်းကပြောသည်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈၏ အထက်ကိုကျော်လွန် ပါက လူသားများအတွက် ကျန်းမာရေး အန္တရာယ်များဖြစ်သည့် နေ လောင်ခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း၊ မျက်စိအမြင်အာရုံထိခိုက် ခြင်း၊ DNA များ ထိခိုက်မှုကြောင့် သားသမီးမရနိုင်ခြင်းစသည့် အန္တရာယ်များကျရောက်နိုင်သဖြင့် ကြိုတင်ကာကွယ်မှု နှိုးဆော်ချက် များအဖြစ် နေပူအတွင်း နံနက် ၁၁နာရီမှညနေ ၃နာရီအထိသွားလာ ခြင်းကို ရှောင်ကြဉ်းရေး၊ ပြည်သူများစားဝတ်နေရးအလို့ငှာ နေရောင် ခြည်အတွင်း သွားလာရမည်ဆိုပါက ခန္ဓာကိုယ်ကိုလုံခြုံသည့် အဝတ် အစား၊ ဦးထုပ်၊ ထီးစသည်များဖြင့် ကာကွယ်သွားလာကြရေး၊ SPF 30+နေကာမျက်မှန်များ တပ်ဆင်သွားလာကြရေး၊ ရောင်ခြည် ကာကွယ်လိမ်းဆေးများ အသုံးပြုသွားလာကြရေး၊ ကျန်းမာရေး ဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်းသိရသည်။

အပူဒဏ်နှင့်ပတ်သက်၍ အပူဒဏ်လေးမျိုးရှိပြီး အပူဒဏ်မြင့် မားလွန်းသောကြောင့် ဒုက္ခရောက်ခြင်း (Heat Impact)၊ လေထဲတွင် ရေငွေ့များပါဝင်နေပြီး တိမ်တွေဖြစ်သော်လည်း မိုးမရွာသောကြောင့် ခံစားရသည့် အပူချိန်မြင့်မားပြီး ဒုက္ခရောက်ခြင်း(Heat Index)၊ အပူချိန် အတန်သင့်လောက်သာ မြင့်မားသော်လည်း ရက်ကာလ ကြာရှည် လာ၍ ခန္ဓာကိုယ်ပေါ်တွင် အပူဒဏ်ပိလာခြင်း(Heat Stress)နှင့် ပတ်ဝန်းကျင် ယိုယွင်းမှုကြောင့် ကမ္ဘာမြေပြင်ကို ရောက်လာသည့် ခရမ်းလွန်ရောင်ခြည်များပမာဏတိုးလာ၍ အပူဒဏ် ခံစားရခြင်း(UV Index) တို့ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)၊ စိုးစိုးစံ
The Union Daily

No comments:

Post a Comment