Monday, March 16, 2015

ခရစ်ယာန်များကို IS တိုက်ခိုက်မှု ရပ်တန့်ရန် လိုအပ်ပါက အင်အားသုံးရမည်ဟု ဗာတီကန် ပြော


အရှေ့အလယ်ပိုင်းဒေသရှိ လူနည်းစုများနှင့် ခရစ်ယာန်များအား အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွ (IS) များက အကြမ်းဖက် တိုက်ခိုက်နေခြင်းကို ရပ်တန့်နိုင်ရန် လိုအပ်ပါက စစ်အင်အား အသုံးပြုရမည်ဟု ဗာတီကန်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဂျီဟတ်ဝါဒီများက လူမျိုးတုံး သတ်ဖြတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ၎င်းတို့ကို ရပ်တန့်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗာတီကန် ထိပ်တန်းသံတမန် ဘုန်းတော်ကြီး ဆဲဗနိုတိုမဆီက ပြောကြားသည်။
ကက်ဘလစ် ခရစ်ယာန်ကျောင်းတော် ဗာတီကန်သည် အစဉ်အလာအားဖြင့် စစ်ရေးဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်လေ့ ရှိသော်လည်း ယခုအခါ ရပ်တည်ချက် ပြောင်းလဲလာပြီ ဖြစ်သည်။
“ကြမ်းတမ်းတဲ့နည်းတွေ မသုံးဘဲ နိုင်ငံရေးရာ သဘောတူညီမှု ရအောင် အသေအချာ ညှိနှိုင်းစဉ်းစားကြရမှာပါ။ အဲဒီလိုမှ ဖြစ်မလာနိုင်ဘူး ဆိုရင်တော့ အင်အားသုံးဖို့ လိုအပ်လာမှာပါ” ဟု အမေရိကန် ကက်သလစ်ဝက်ဘ်ဆိုက် Crux နှင့် အင်တာဗျူးတွင် ဘုန်းတော်ကြီး တိုမစီက ပြောကြားသည်။
ထို့အပြင် လူမျိုးတုံး သတ်ဖြတ်မှုများ ရပ်တန့်နိုင်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း ယင်းသို့ မဟုတ်ပါက ကြောက်မက်ဖွယ် ဖြစ်ရပ်ဆိုးကြီးများ ပေါ်ပေါက်လာစေရန် ခွင့်ပြုမိခဲ့သည့်အတွက် နောင်တရနေရမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
IS စစ်သွေးကြွများသည် ၎င်းတို့ သိမ်းပိုက်ထားရာ ဆီးရီးယားနှင့် အီရတ်နယ်မြေတွင်းရှိ ဘာသာရေးဆိုင်ရာ လူနည်းစုများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ ထောင်ပေါင်းများစွာမှာ နေရပ်ကို စွန့်ခွာထွက်ပြေးနေကြရသည်။
ခရစ်ယာန်များကို အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးင်္ကြများက အဓိက ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ လူနည်းစု အားလုံးမှာ လူသားများဖြစ်ကြောင်း ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ပေးရန် လိုအပ်ကြောင်း ဘုန်းတော်ကြီးက မှတ်ချက်ပြုသည်။
IS ချေမှုန်းရေး တပ်ပေါင်းစုတွင် အရှေ့အလယ်ပိုင်း မွတ်ဆလင်နိုင်ငံများ ပါဝင်ရမည်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့က လမ်းညွှန်ပေးရမည်ဟု ဗာတီကန် ဘုန်းတော်ကြီးက ပြောကြားသွားသည်။
The Voice Weekly

No comments:

Post a Comment