Monday, March 16, 2015

ဒီမိုကရေစီလမ်းကြောင်းပေါ်မှ အမျိုးသားရေး

အမျိုးသားရေးဆိုတာကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် နားလည်လက်ခံဖို့ လုပ်ဆောင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါသေးတယ်။ ဒီမိုကရေစီစံနဲ့ ပြောကြမည်ဆိုလျှင် ပြည်သူတွေ အသိပညာရည်ပြည့်ဝဖို့ တကယ်ကိုလိုအပ်နေ သေးသလို၊ ဒီမိုကရေစီလိုလားသူတွေ ကိုယ်တိုင်က အမျိုးသားရေးကို ရန်သူလိုထင်နေတာတွေကို ပြောင်းလဲသင့်သော ဒီမိုကရေစီ နှင့် အမျိုးသားရေး ဒွန်တွဲနေပုံကို ရေးသားချင်ပါတယ်။ `အမျိုးသားရေးဟာ ဒီမိုကရေစီကောင်းစွာ လည်ပတ် နိုင်ရေးအတွက် လိုအပ်ချက်ဖြစ်ပါတယ်။ အမျိုးသားရေးဝါဒမရှိဘဲ ခေတ်သစ်ဒီမိုကရေစီမရှိနိုင်ပါဘူး။ ဒီမိုကရေစီကို အားလုံးက တန်ဖိုးထားကြသလို အမျိုးသားရေးဝါဒထဲက အစိတ်အပိုင်းအချို့သောပုံစံတွေကို လက်ခံကြရ မယ်။´လို့ The Politics of Freedom စာအုပ်ကို ရေးသားသူ စာရေးဆရာ Jeroen Zandberg ဆိုထားပါတယ်။

ယနေ့အချိန် ဒီမိုကရေစီလိုလားသူမှ မဟုတ်ပါဘူး။ နိုင်ငံရေးသမားရယ်လို့ ဖြစ်လာသူတိုင်းသည် အနီးစပ်ဆုံး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ အောက်ကျနောက်ကျဖြစ်နေတဲ့အပေါ် မရှုစိမ့်လိုတဲ့အတွက် တတ်စွမ်းသည့်ဘက်က လုပ်ဆောင်ကြ ခြင်းဖြစ်သည်။ ဒါဟာ အမျိုးသားရေးအပေါ်မှာ အခြေခံတယ်လို့ပဲ ရှုမြင်လို့ရပါတယ်။ ဒါပေမယ့် ထိုသူတွေကိုယ်တိုင်က အမျိုးသားရေးကို ရန်သူလိုထင်ပြီး ပြောဆိုနေကြပြန်တော့လည်း မေးခွန်းထုတ်စရာ တွေက ဖြစ်လာပြန်ပါတယ်။ ပြီးခဲ့တဲ့ ယာယီသက်သေခံလက်မှတ် မဲပေးခွင့်ကိစ္စမှာပဲ ကြည့်လျှင် အမျိုးသားရေး အင်အားစုတွေကလည်း လုံးဝလက်မခံသလို အမျိုးသားရေးကို ရန်သူလိုထင်နေတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေအနေနဲ့လည်း လုံးဝလက်မခံတာကို တွေ့ရပါတယ်။ ဒါဟာ ဘာကိုပြဆိုသလဲဆိုရင် တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာကို တိုင်းတပါးတွေ ၀င်ရောက် နှောက်ယှက်ခွင့် မပြုသင့်ဘူးဆိုတဲ့ အချက်က အမျိုးသားရေးစိတ်ဓါတ် အခြေခံတစ်ခုပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အနေဖြင့်ဒီမိုကရေစီရဲ့ သဘောကိုယေဘုယျအားဖြင့်နားလည်နေကြပြီး ဖြစ်ပါလိမ့်မည်။
လွတ်လပ်မှုကို အခြေခံတဲ့ စနစ်မှာ သတ်မှတ်ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သတ်မှတ်ကာလ တစ်ခုအတွင်းမှာ နိုင်ငံတော်ကို ဦးဆောင်မည့် သမ္မတကို ရွေးချယ်ကြရပါမယ်။ ကောင်းမွန်တဲ့အစိုးရဖြစ်စေရေးကို ပြည်တွေက ရွေးချယ် မှုမှန်ကန်ဖို့ လိုအပ်ပါသည်။ မိမိအမျိုးဘာသာ သာသနာကိုစော်ကား အပုတ်ချကာ ကွယ်ပျောက် အောင် လုပ်ဆောင်မည့် ပါတီ သို့မဟုတ် လူပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကို မှားယွင်းစွာ ရွေးချယ် တင်မြောက်ခဲ့လျှင် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာပေမည်။
ကောင်းမွန်တဲ့ စနစ်တစ်ခုကို အခြေပြုပြီး သွားနေပေမယ့် အရေးကြီးတဲ့ စည်းလုံးညီညွတ်မှုက ယနေ့ အချိန်အထိ တည်ဆောက်လို့ မရသေးတဲ့အခြေအနေဖြစ်နေပါသည်။ အတိုက်ခံကလည်းက အတိုက်ခံ အလျောက် လုပ်သင့် လုပ်ထိုက်သော နိုင်ငံအကျိုး အများပြည်သူအကျိုးကို လုပ်ဆောင်သင့်ပါသည်။ မိမိ အာဏာရမှ မိမိပါတီ အနိုင်ရမှ တိုင်းပြည်အတွက် အလုပ်လုပ်မည်ဆိုသော ခံယူချက်မှာ လွဲမှားသော ခံယူချက်များပင်ဖြစ်ပေသည်။ မိမိတွင် လုပ်ပိုင်ခွင့်မရှိလို့ဆိုပြီး ပါးစပ်က အတွင်တွင်ပြောဆိုနေသော အတိုက်ခံခေါင်းဆောင်များ အနေဖြင့်လည်း မိမိ အနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားကာ အချို့သော ကိစ္စရပ်များသည် လုပ်ပိုင်ခွင့်ရှိခြင်း/မရှိခြင်းနှင့်မဆိုင်ဘဲ နိုင်ငံအကျိုး အမျိုးသားရေး အကျိုးကို ထမ်းဆောင်နိုင်သည် ဆိုသော ခံယူချက်မျိုး ထားရှိသင့်ပေသည်။ ဒါတွေသည် ဒီမိုကရေစီ တိုင်းပြည်တစ်ခု တည်ဆောက်ရေးကို တဖက်တလမ်းက အုတ်တစ်ချပ် သဲတပွင့်ပမာ အထောက်အပံ့ များပင် ဖြစ်ပေ သည်။
ယနေ့မျက်မှောက်မှာတော့ ဒီမိုကရေစီလမ်းကြောင်းကို မပျက်မယွင်းသွားချင်တယ်ဆိုရင် အပြုသဘော လျှောက်လှမ်း ကြဖို့ လိုပါသည်။ ယနေ့အချိန်မှာတော့ အဘက်ဘက်က ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့အချိန် ပြည်သူ့ဆန္ဒ ပြည်သူ့လိုလားချက်ကိုလည်း အတတ်နိုင်ဆုံး ၀ိုင်းဝန်းအကောင်အထည် ဖော်လို့ ရနေတဲ့အချိန်မှာ အမျိုးသားရေး အန္တရာယ်တွေကိုလည်းသတိထားကြဖို့ လိုအပ်ပါသည်။ အခြားသော အစွန်းရောက်ဘာသာ များ၏ သွေးထိုး မြောက်ပင့် ကာ တောင်းဆိုခိုင်းသော အဓိပ္ပါယ်မဲ့ တောင်းဆိုမှုမျိုးစုံကိုသာ လိုက်လံဖြေရှင်း ဆောင်ရွက်ပေး နေတာနဲ့တင် နိုင်ငံ တိုးတက်ရေးကို လုပ်ဆောင်ရန်နှောက်နှေးနေပေအုံးမည်။
ယနေ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအဖြစ် ရပ်တည်နေနိုင်ကြတဲ့ နိုင်ငံတွေကိုပဲရှုမြင်သုံးသပ်ကြည့်မယ် ဆိုရင် သူတို့နိုင်ငံ တွေရဲ့ အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ပြီး လုပ်ဆောင်နေကြပါတယ်။ အစ္စရေးလို တိုင်းပြည်မှာဆိုရင် ပတ်ပတ် လည်က ရန်သူတွေဝိုင်းရံနေတဲ့ကြား မားမားမတ်မတ်ရပ်နေနိုင်ဖို့ စည်းလုံးညီညွတ်ခြင်းကို အခိုင်အမာ တည်ဆောက် ခဲ့ကြပါတယ်။ သို့မှမဟုတ်လျင် တိုင်းပြည်ပျောက်တာကြာပြီပါပြီ။ မြန်မာပြည်ရဲ့ အနေအထားဟာ စိုးရိမ် ရေမှတ်ကို ရောက်ရှိလာသည့်တိုင်အောင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု လိုအပ်ချက်သည် ကြီးမားတဲ့ အန္တရာယ် တွေကို ဖိတ်ခေါ်နေသကဲ့သို့ရှိပါတယ်။ ယခုအချိန်တွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအနေဖြင့် မိမိတစ်ဦးတစ်ယောက်၏အတ္တတွေ၊ အာဃာတတွေကိုလျှော့ပြီး စည်းလုံး ညီညွတ်စွာဖြင့် အမျိုးသားရေး ရှေ့တန်းတင်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ အတူလျှောက်လှမ်းစေချင် ပါကြောင်း ရေးသားလိုက်ရပါသည်။
Min Myo Myat

No comments:

Post a Comment