Thursday, April 2, 2015

သင်္ကြန်ကာလအတွင်း မှုခင်းများ စစ်ဆေးနိုင်ရန် အထူးတရားရုံးများ ဖွင့်မည်


လာမည့် မဟာသင်္ကြန်ပွဲတော်ကာလ ဖြစ်ပွားသည့် မှုခင်းများကို အမြန်ဆုံးစစ်ဆေး၍ စီရင်ချက် ချမှတ်နိုင်ရန်အတွက် မန္တလေးခရိုင်အတွင်း မြို့နယ်လေးခုရှိ တရားရုံးများကို အထူးတရားရုံးများ အဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလတွင် ဖြစ်ပွားလေ့ရှိသည့် ခိုက်ရန်ဖြစ်ပွားမှုများ၊ ယာဉ်တိုက်မှု စသည့် အမှုများကို သင်္ကြန်တွင်း ရုံးတင်စစ်ဆေးပြီး ချက်ချင်း အမိန့်ချနိုင်ရန်အတွက် ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြသာစည် မြို့နယ်တို့ရှိ မြို့နယ်တရားရုံးများကို ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နှစ်စဉ် သင်္ကြန်ကာလတိုင်းမှာ မြို့နယ်တရားရုံးတွေ ဖွင့်ပေးရတယ်။ သင်္ကြန်တွင်းမှာဖြစ်တဲ့ အမှုတွေကို တစ်ခါတည်း ပြီးပြတ်အောင်လို့ပါ။ ချက်ချင်းတရားစွဲ၊ ချက်ချင်းအမိန့်ချမှာပါ” ဟု ၎င်းကဆိုသည်။

သင်္ကြန်ကာလအတွင်း ဖွင့်လှစ်ထားမည့် မြို့နယ်တရားရုံးလေးခုတွင် မူးယစ်သောက်စားထားသူများ လာရောက် အန္တရာယ် တစ်စုံတစ်ရာ မပေးနိုင်ရန် ရဲတပ်ဖွဲ့က လုံခြုံရေး ချထားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“သင်္ကြန်မှာ တစ်စုံတစ်ရာဖြစ်ပြီး ဆေးရုံကို ရောက်လာလို့ ချက်ချင်း ဆေးရုံတက်ကုသဖို့အတွက် ရဲစခန်းဆေးစာကို ယူစရာမလိုဘဲ မန္တလေးဆေးရုံကြီးမှာပဲ ရဲဆေးစာ ပြုလုပ်ပေးရေး အဖွဲ့တွေလည်း ထားရှိပေးမှာ ဖြစ်တယ်” ဟု မန္တလေးဆေးရုံကြီး တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။

“နှစ်စဉ်ကတော့ သင်္ကြန်အတွင်းဖြစ်တဲ့ အမှုတွေကို စစ်ဆေးချမှတ်ဖို့အတွက် တရားရုံးက ဖွင့်ပေးရတယ်။ အခုထိတော့ တရားဝင်စာ မလာသေးပါဘူး” ဟု ချမ်းအေးသာစံ မြို့နယ်တရားရုံး တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မန္တလေး မဟာသင်္ကြန်ပွဲတော်တွင် ရေပက်ခံကားများနှင့် မော်တော်ဆိုင်ကယ်များတွင် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်မှု ရှိမရှိ စစ်ဆေးခဲ့ရာမှ ဓါးသုံးချောင်း၊ တူနှစ်ချောင်း၊ သံတုတ် ၁၂၈ ချောင်း၊ သစ်သားတုတ် ၂၂၁ ချောင်း၊ ဝါးတုတ် ၆၉ချောင်း၊ လေးခွ ၁၄ လက်၊ နံချပ်ကူနှစ်ခု၊ ချိန်းကြိုး ၂၃ ချောင်း၊ ဒတ်စတာတစ်ခု၊ ကတ်ကြေးလေးလက်၊ တံစဉ်တစ်ခု၊ ဂေါ်ပြားတစ်ခု၊ ပုလင်းခွံ ၁၀၉၄ ခု၊ အုတ်ခဲကျိုးလေးခု စုစုပေါင်း ၁၆၅၇ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly 

No comments:

Post a Comment