Thursday, April 9, 2015

ဦးပါမောက္ခကို မှုခင်းကိစ္စများတွင် ဝင်မစွက်ဖက်ရန် သံဃနာယကအဖွဲ့က စာထုတ်



မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်သည့် မှုခင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က တားမြစ်စာ ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ 

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ငွေကြေးကိစ္စတစ်ခုကြောင့် အမှုဖွင့်ခံရသူကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်ကို မကျေနပ်သောကြောင့် ရဲများ လာဘ်စားနေကြောင်းကို ယင်းမြို့နယ် ရဲစခန်းရှေ့တွင် မကွေးဆရာတော် ဦးပါမောက္ခက လက်ကိုင်အသံချဲ့စက်ဖြင့် မိန့်ဆိုခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်မှုမှာ အများပြည်သူက ရဲတပ်ဖွဲ့အပေါ် အထင်လွဲမှားနိုင်သောကြောင့် အမှုအခင်းကိစ္စများတွင် ဦးပါမောက္ခ အပါအဝင် သံဃာတော်အချို့ ဝင်ရောက်စွက်ဖက်မှုများကို အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကထံ တိုင်းရဲတပ်ဖွဲ့မှူးက တင်ပြခဲ့ကြောင်း၊ ယင်းနောက် ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးဆုံးဖြတ်ပြီးနောက် တားမြစ်စာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/ရှေ့ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားကို တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၆ နှစ် အရွယ်ရှိ အမျိုးသားက ပြင်ဦးလွင်ရှိ ၎င်းပိုင်မြေများ ရောင်းချပေးရန် အကျိုးဆောင်ခအဖြစ် မော်တော်ယာဉ်တစ်စီးကို ပေးခဲ့သော်လည်း မြေအရောင်းအဝယ် မဖြစ်သောကြောင့် မော်တော်ယာဉ်ကို ပြန်တောင်းခဲ့ရာ ပြန်မပေးသောကြောင့် ပုဒ်မ ၄၀၆ ဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်းနှင့် ယင်းအမှုနှင့် ပတ်သက်၍ ဦးပါမောက္ခသည် တားမြစ်စာ ထုတ်ခံရခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းအောင်က ပြောကြားသည်။

“စခန်းလာအမှုဖွင့်ရင် မည်သူမဆို အမှုဖွင့်ပေးရမှာပါ၊ ပြီးမှ တိုင်ကြားစာကို ဥပဒေအကြံပေးက ပြန်စိစစ်ပြီး ဘယ်လိုပုဒ်မနဲ့ အမှုဖွင့်လက်ခံသင့်ကြောင်း ညွှန်ကြားချက်ယူရတယ်၊ ဒီအမှုက ယုံကြည်မှုကို ဖောက်ဖျက်တာမို့ အာမခံပေးလို့ မရတဲ့ ပုဒ်မ ၄၀၆ နဲ့ အမှုဖွင့်ခဲ့တာ၊ ချုပ်ရက် ၈ ရက်အကြာမှာ ဖမ်းခံထားရသူ မိသားစုဘက်က အထောက်အထား စာရွက်တစ်ခု ထုတ်ပြလာနိုင်တာကြောင့် ပြန်လွှတ်ပေးခဲ့တယ်၊ ဒါကို ဦးပါမောက္ခက မကျေနပ်ဖြစ်ပြီး မင်းတို့ရဲတွေ လာဘ်စားတယ်လို့ သက်သေမခိုင်လုံဘဲနဲ့ စွပ်စွဲတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ရဲစခန်းတွင် ထိန်းသိမ်းခံရသူမှာ ပြန်လည်လွတ်မြောက်စဉ် ၎င်းအပေါ် တရားစွဲတိုင်ကြားခဲ့သူကို သိန်းတစ်ထောင် လိမ်လည်မှုဖြင့် ပြန်လည်အမှုဖွင့်ခဲ့ကြောင်း၊ ယင်းအမှုကို ရဲတပ်ဖွဲ့က ပုဒ်မ ၄၂၀ ဖြင့် လက်ခံကာ အမှုဖွင့်တိုင်ကြားခံရသူကို အာမခံပေးခဲ့သောကြောင့် ဥပဒေ၏ အထက်တွင် ငွေရှိနေသည်ဟု ယူဆသောကြောင့် ရဲစခန်းသို့ သွားရောက်ကာ တာဝန်ရှိသူများထံ သတိပေးစကားများ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မကွေးဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

“ဦးပဉ္စင်းက ဘာသာလူမျိုး ခွဲခြားတာ မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင်မှ အထူးအခွင့်အရေး ရအောင် ဆောင်ရွက်နေတာလည်း မဟုတ်ဘူး၊ အခုဟာက ဥပဒေရဲ့ အထက်မှာ ခရိုနီတွေ ရောက်နေသလို ဖြစ်နေတယ်၊ လာဘ်စားနေတဲ့ ရဲတပ်ဖွဲ့ကို ဥပဒေအတိုင်း အမှန်မဆောင်ရွက်ရင် ပြည်သူလူထုသိအောင် သူတို့လုပ်ရပ်ကို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ချပြမယ်လို့ သတိပေးခဲ့တယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

အဆိုပါ ငွေကြေးကိစ္စဖြင့် နှစ်ဖက်အပြန်အလှန် အမှုဖွင့်တိုင်ကြားခံရမှုများတွင် မြို့နယ်ဥပဒေ အကြံပေး၏ ညွှန်ကြားချက်ဖြင့်သာ ရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း၊ မကွေးဆရာတော် ဦးပါမောက္ခ စခန်းသို့ လာရောက်ချိန် အမှုကိစ္စရပ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ တာဝန်ပိုင်းအရ ဆောင်ရွက်ရသည့် ကိစ္စများကို နားလည်သဘောပေါက်စေရန် သေချာရှင်းပြ လျှောက်ထားခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ သိရှိရသည်။

“ရဲတပ်ဖွဲ့က လာဘ်စားတယ်ဆို ဘာသက်သေအထောက်အထားနဲ့ စွပ်စွဲရတာလဲ၊ ဘာသာလူမျိုးကွဲပါစေ နိုင်ငံသားတစ်ယောက်ကို ဥပဒေ လမ်းကြောင်းနဲ့အညီ ကိုင်တွယ်ရတယ်၊ ၉၃ လမ်း လူသတ်မှုမှာလည်း လူမျိုးခြားက သတ်တယ်ဆိုပြီး တရားရုံးလာ ဓာတ်ပုံမှတ်တမ်းတွေ ရိုက်တယ်၊ အများအမြင်မသင့်တော်တာကြောင့် တိုင်းသံဃနာယကအဖွဲ့ကို လျှောက်တင်ခဲ့ရတာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ လျှောက်တင်မှုကြောင့် ဦးပါမောက္ခကို လူမှုရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်နှင့် တရားဥပဒေနှင့် ဆန့်ကျင်သော အကြမ်းဖက်မှုများ မပြုလုပ်ရန်၊ မလိုက်နာပါက သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေများအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူရန်နှင့် ရဲတပ်ဖွဲ့ အနေနှင့် လာဘ်စားသည့် ရဲဝန်ထမ်းများကို ဖော်ထုတ်သိရှိခဲ့ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ ဆရာတော်များက ဧပြီလ ၃ ရက်နေ့တွင် စာထုတ်ပြန်ခဲ့ကာ မြို့နယ်ပေါင်းစုံမှ ဘုန်းကြီးကျောင်းများထံသို့ စာများ ဝေငှထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တားမြစ်စာ ထုတ်ပြန်ခဲ့သော်လည်း မကွေးဆရာတော် ဦးပါမောက္ခက စစ်မှန်သော တရားဥပဒေ ပေါ်ပေါက်လာစေရန် မတရားအနိုင်ကျင့် တရားစွဲခံရသူများနှင့်အတူ လာဘ်ပေးလာဘ်ယူ ကျူးလွန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် တရားသူကြီးများ၏ လုပ်ရပ်များကို ပြည်သူလူထုထံချပြရန် ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ City Star ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးပါမောက္ခက မိန့်ကြားသည်။


The Voice Weekly 

No comments:

Post a Comment