Thursday, April 2, 2015

ထိုင်းတွင် စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းကြောင်း ကြေညာ

ထိုင်းအစိုးရသည် (၁၀)လကြာ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားမှုကို ရုပ်သိမ်းလိုက်ပြီး လုံခြုံရေး စည်းမျဉ်းသစ် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၄ ခုနှစ်၊ မေလက ထိုင်းစစ်တပ် အာဏာသိမ်းယူပြီးကတည်းက ဘန်ကောက်နှင့် မြို့ကြီးများတွင် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခင်စစ်တပ် အကြီးအကဲနှင့်
လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းကြောင်း သတင်းကို ရုပ်မြင်သံကြားမှတစ်ဆင့် အတည်ပြု ပြောကြားသွားခဲ့သည်။ သို့သော်လည်း အသစ်သတ်မှတ်သည့် လုံခြုံရေး စည်းမျဉ်းသစ်သည် စစ်တပ်၏ လုပ်ပိုင်ခွင့် ဩဇာကို ယခင်ကထက်ပင် ပိုမိုကျယ်ပြန့် အားကောင်းသွားစေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ထိုင်းအစိုးရ၏ လုံခြုံရေး သတ်မှတ်ကြေညာချက်သည် ထိုင်းနိုင်ငံသားများ၏ အခြေခံ အခွင့်အရေးများကို ထိန်းချုပ်လွန်းရာ ကျနေမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ပရာယွတ်သ်က ဧပြီ ၁ ရက်၊ ညနေပိုင်းတွင် ထိုင်းဘုရင်မင်းမြတ်အနေဖြင့် စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းရန် မိမိကို ခွင့်ပြုပေးခဲ့ကြောင်း ကြေညာသွားခဲ့သည်။
၎င်းက စစ်အုပ်ချုပ်ရေးအစား အခြေခံ ဥပဒေသစ်တွင် ပါရှိသည့် အပိုဒ်(၄၄)မှ လုံခြုံရေးစံနှုန်း သတ်မှတ်ချက်များကို အစားထိုး ပြောင်းလဲ သွားမည်ဟုလည်း ဆိုသည်။ ယင်းသတ်မှတ်ချက်များကို လူ့အခွင့်အရေး အဖွဲ့အစည်းများက ယခင်ကတည်းက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
အပိုဒ်(၄၄)တွင် ပါရှိသည့် သတ်မှတ်ချက်များ၌ ဝန်ကြီးချုပ် အနေဖြင့် အမျိုးသား လုံခြုံရေး၊ သို့မဟုတ် ထိုင်းတော်ဝင် မိသားစုကို ထိပါး ခြိမ်းခြောက်လာနိုင်သည့် ကိစ္စတိုင်းတွင် အထူးအခွင့်အရေး ဩဇာမျိုး အသုံးပြု ဖြေရှင်းနိုင်မည်ဟု ဖော်ပြထားသည်။ အဆိုပါ သတ်မှတ်ချက်တွင် စစ်သားများ အနေဖြင့် အရပ်သားများကို ကိုယ်ထိလက်ရောက် တားဆီးထိန်းချုပ်မှု ပြုလုပ်ခွင့် ရှိသလို ကိစ္စတစ်ခုခု ပေါ်ပေါက်ပါက မည်သူ့ကိုမဆို ဝရမ်းမပါဘဲ ဖမ်းဆီးရန် ခွင့်ပြုထားသည်။
ထိုင်းအာဏာသိမ်း စစ်အစိုးရသည် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ဒီမိုကရေစီ အပြည့်အဝရှိသည့် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကတိပြုထားသော်လည်း လက်ရှိအချိန်တွင် အတိုက်အခံများကို ဖမ်းဆီးဖိနှိပ် ထောင်ချခြင်း၊ မီဒီယာများကို နှိပ်ကွပ်ပိတ်ပင်ခြင်းတို့ ပြုလုပ်နေဆဲ ဖြစ်သည်။
7Day Daily

No comments:

Post a Comment