Wednesday, April 22, 2015

မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းမှ မြန်မာအတွက် ခွဲတမ်းရယူမည့် နောက်ဆုံးစခန်း စတင်လည်ပတ်

 မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ မြန်မာနိုင်ငံအတွက် ဓာတ်ငွေ့ခွဲတမ်းပေးဝေမည့် တောင်သာခွဲ တမ်းစခန်းသည် ဧပြီဒုတိယပတ်တွင် ဓာတ်ငွေ့စတင်ပို့လွှတ်လည်ပတ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အထက်ပါ ပိုက်လိုင်းမှ မြန်မာနိုင်ငံအတွက် ဓာတ်ငွေ့ခွဲတမ်းကို ကျောက်ဖြူ၊ ရေနံချောင်း၊ မန္တလေးနှင့် တောင်သာခွဲတမ်း စခန်းများမှ တစ်နှစ်လျှင် စုစုပေါင်းဓာတ်ငွေ့ကုဗမီတာ သန်း ၂၀၀ ကနဦး ရရှိမည် ဖြစ်သည်။ နောက်ပိုင်း ထပ်မံ၍ ဓာတ်ငွေ့ခွဲတမ်းတိုးချဲ့ပေးမည် ဖြစ်ကြောင်း အရှေ့တောင်အာရှဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ (SEAGP) က ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

‘‘ထပ်တိုးချဲ့ပေးမယ့် ပမာဏကို မသတ်မှတ်ရသေးဘူး။ အခုက သင်္ကြန်ကာလအမီပေးပို့စီစဉ် ခဲ့တာပါ။ အခုက ဓာတ်ငွေ့ပိုက်လိုင်းရဲ့ နောက်ဆုံးခွဲတမ်းဖြစ်သ လို ခွဲတမ်းလုပ်ငန်းရဲ့ အပြီးသတ်လည်း ဖြစ်တယ်’’ဟု ယင်းကုမ္ပဏီမှ လက်ထောက်ဆက်ဆံရေး အရာရှိ စန္ဒီလီက ပြောသည်။ ၂၀၁၄  တွင် ကျောက်ဖြူ၊ မန္တလေး၊ ရေနံချောင်းခွဲတမ်းစခန်းတို့လည်း စတင်လည်ပတ်ခဲ့သည်။ ပိုက်လိုင်းမှ မြန်မာအတွက်ရသော ဓာတ်ငွေ့ခွဲတမ်းကို သဘာဝဓာတ်ငွေ့များဖြင့် မြင်းခြံဓာတ်အားစက်ရုံကို ဦးစားပေးလည်ပတ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းစက်ရုံသည် အစပိုင်းတွင် ၉၅ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်၍ နောက်ပိုင်း၌ မဂ္ဂါဝပ် ၂၀၀ အထိ ထုတ်လုပ်ကာ နိုင်ငံတော်မဟာဓာတ်အားလိုင်းသို့ ပေးပို့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
တိုင်းဒေသကြီးလျှပ်စစ်ဝန် ကြီးက ‘‘အရေးပေါ်လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်တင်းဖို့ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်တွေ တပ်ထားတာပါ။ ဒါက နိုင်ငံတော်ရဲ့ နွေရာသီလျှပ် စစ်ဓာတ်အားလိုအပ်ချက်ကို အရေးပေါ်ဖြေရှင်းဖို့ စီစဉ်ထားတာ ပါ’’ဟု ပြောသည်။
ယင်းဓာတ်ငွေ့အတွက် ခွဲတမ်းရရှိခြင်းဖြစ်ပြီး ငွေဖြင့်ဝယ်ယူရခြင်းမရှိခြင်းမဟုတ်ကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းကလည်း ကျောက်ဆည်မြို့တွင် သဘာဝ ဓာတ်ငွေ့ဖြင့် ဓာတ်အားစက်ရုံ တစ်ခုတည်ဆောက်ခဲ့ပြီး ယခုစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၏ ဒုတိယမြောက် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဤလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထုတ်လွှတ်သော လျှပ်စစ်ဓာတ်အားကို မြင်းခြံနှင့် တောင် သာမှ ကုမ္ပဏီများနှင့် ပြည်သူလူထုများသုံးစွဲခွင့်ရရှိစေရမည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။
မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် စုစု ပေါင်း ၇၉၃ ကီလိုမီတာရှည်လျား ၍ ၂၀၁၃ ခု ဇွန်လတွင် စတင် လည်ပတ်ခဲ့သည်။
7Day Daily

No comments:

Post a Comment