Wednesday, April 22, 2015

ဆိုလာလေယာဉ် တရုတ်အရှေ့ပိုင်းတွင် ဆင်းသက်

(ပေကျင်း)။ ။ Solar Impulse 2 လေယာဉ်သည် ဧပြီ ၂၁ ရက် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ ဆင်းသက်ခဲ့သည်။ နေစွမ်းအင်ဖြင့် ကမ္ဘာပတ်ခရီးစဉ်တွင် ခြောက်ကြိမ်မြောက် မြေပြင်ဆင်းသက်ခြင်း ဖြစ်သည်။
Solar-Air
ယင်းမတိုင်မီက မန္တလေးတွင် ဆင်းသက်ခဲ့ပြီး ဆိုလာနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တို့အပေါ် စိတ်ဝင်စားမှုများပြားခဲ့ကာ မီဒီယာသတင်းများတွင်လည်း အလေးပေးဖော်ပြခဲ့သည်။

လေယာဉ်မှူး ဘတ်တရန့်ပတ်ကတ် ထိန်းချုပ်မောင်းနှင်မှုဖြင့် ကီလိုမီတာ ၁,၁၉၀ ခန့်ဝေးသည့် ချောင်ကင်းမြို့မှ ၁၇ နာရီ ကြာခရီးဖြင့် ည ၁၁ နာရီ ၃၁ မိနစ်တွင် ဆင်းသက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မိုးလေဝသအခြေအနေ နှောင့်ယှက်မှုများနှင့် တွဲဖက်လေယာဉ်မှူးဖြစ်သူ အန်ဒရီဘောရှီဘတ်က ခေါင်းကိုက်ဝေဒနာကြောင့် ဥရောပသို့ ပြန်သွားခဲ့ခြင်းတို့ကြောင့် ခရီးစဉ်ဆိုက်ကပ်မှု နှောင့်နှေးကာ ယခုနန်ကျင်းမြို့သို့ ဆိုက်ရောက်လာခဲ့ခြင်း ဖြစ်သည်။
အန်ဒရီသည် ဧပြီ ၂၄ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည် လာရောက်လာမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသို့ ဧပြီ ၂၁ ရက်က ပြောသည်။
"သူငယ်ချင်းဖြစ်သူ အန်ဒရီ ကျန်းမာရေး ပြန်ကောင်းလာဖို့ ကျွန်တော် ဆုတောင်းပေးနေပါတယ်။ သူက ဒီလေယာဉ်ကို မောင်းနှင်ပျံသန်းဖို့ ရောက်လာမှာပါ" ဟု ပတ်ကတ်က တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
လေယာဉ် ဆိုက်ရောက်နေရာ နန်ကျင်းမြို့သည် ယန်ဇီမြစ်အောက်ပိုင်း ရှန်ဟိုင်းအနီးတွင် တည်ရှိသည့် မြို့ဖြစ်သည်။ အဆိုပါ ဆိုက်ရောက်မှုသည် ဆိုလာလေယာဉ် ငါးရက်ကြာခရီးကို တောက်လျှောက်မပျံသန်းမီ နောက်ဆုံးဆိုက်ကပ်မှုလည်း ဖြစ်သည်။
လေယာဉ်သည် နန်ကျင်းမြို့တွင် ရပ်နားပြီး ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကာ မိုင် ၅,၂၇၀ မိုင်ခရီးရှိသည့် ဟာဝိုင်ယီသို့ တိုက်ရိုက်ပျံသန်းမည် ဖြစ်သည်။
Mizzima 

No comments:

Post a Comment