မကြာမီရက်ပိုင်းအတွင်းမှာပင် မြန်မာတို့၏ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကြီး ရောက်ရှိလို့လာပါတော့မည်။ သင်္ကြန်ဆိုသည့်ပွဲတော်ရက်သည် ရုံးပိတ်ရက်ရှည် ကာ လဖြစ်သည့်အတွက် ကောင်းမှုကုသိုလ်အရေးကိစ္စများသလို သင်္ကြန်နှင့်ယှဉ်တွဲကာ ဖျော်ဖြေရေးအစီအစဉ်များလည်း ရှိနေသည်ပင်။ ဒီအထဲမှာ သံချပ်ဆိုတာ ကို လည်း မေ့ထားလို့ရမည်မဟုတ်ပါ။ သံချပ်တွင် ခေတ်၏အရိပ်ကိုလည်း တွေ့မြင်နိုင်ပါသည်။ သံချပ်ကိုဖြင့် မျှော်သူတွေလည်း မျှော်နေပါသည်။ သံချပ်ကို မျှော် လင့်တောင့် တသူများအတွက် ယခုနှစ်သံချပ်နှင့်ပတ်သက်ကာ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။
ကျော်သူ၊ နာရေးကူညီမှုအသင်း သံချပ်(ပေးဆပ်သူများသံချပ်အဖွဲ့)
ဒီနှစ် မထွက်ဖြစ်ဘူး။ ဘာဖြစ်လဲဆိုတော့ ပြည်မှာသွားပြီးတော့ ကျွန်တော်အဓိဋ္ဌာန်ဝင်မယ်။ အားလုံးစိတ်တွေညစ်နေတဲ့ အချိန်မှာ ဖျော်ဖြေမှုအပိုင်းတွေ ဘာတွေလုပ်ဖို့ စိတ်မကူးတော့ဘူး။ သံချပ်အဖွဲ့ကို ၂ဝ၁၃ မှာ ဖွဲ့စည်းတယ်။ ၂ နှစ်ဆက်တိုက်ထွက်တယ်။ ဒီနှစ်တော့ မထွက်ဖြစ်ဘူး။ အဓိဋ္ဌာန်ဝင်တဲ့တောင်ပေါ်ကနေ ကျွန်တော် မဆင်းဘူး။
မောင်သီ၊ ဒါရိုက်တာ
သံချပ်တွေကို ဦးနေဝင်းအစိုးရလက်ထက်ထိ ခွင့်ပြုထားပြီးတော့ စစ်အစိုးရတက်လာတဲ့ ၁၉၈၈ နောက်ပိုင်းမှာ လုံးဝပိတ်ထားတယ်။ သင်္ကြန်မှာရိုးရာ တစ်ခု ပျောက် သွားတာပေါ့။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကပဲ ဦးမောင်သီက ပြန်ပြီးတော့ အစဖော်တယ်။ ခေတ်ပျက်သရုပ်ပျက် စားသောက်မှုတွေ၊ ဟေး လား ဝါး လား ဖြတ် သန်း မှုတွေထက်စာရင် ဒီသံချပ်က ယဉ်ကျေးမှုရှိပါသေးတယ်။ သင်္ကြန်မှာ အောင်မြင်ခဲ့တဲ့ နာမည်ရှိ လူသိများတဲ့ အဖွဲ့လည်း အများကြီးရှိပါ တယ်။ ဗေလုဝ၊ ကုသိုလ် သူတို့နှစ်ဦးက တကယ်သင်္ကြန်သံချပ်သမားစစ်စစ်တွေ။ ဒီလိုပဲ သင်္ကြန်မှာ သံချပ်သွေးရှိတဲ့ လူကတော့ လုပ်နေတယ်။ တစ်ရက်ထွက်ပြီး အချုပ် ခန်းထဲမှာ ရက်ပေါင်းများ စွာ သွားနေတဲ့လူလည်း ရှိတာပဲ။ လူငယ်လည်းဖြစ်တော့ သူတို့တွေက အဖမ်းခံရလည်း လုပ်တာပဲ။ အခု ဒီလူတွေက အသက်ကြီးလာပြီ ဆိုတော့ နားချင်ကြမှာ ပေါ့။ အခု ဒီနှစ်အဖွဲ့ တော်တော်များများ မထွက်ဘူးကြားတယ်။ ကြောက်လို့လားမသိဘူး။ သေချာတာ တစ်ခုကတော့ အစိုးရဘက်က ခွင့်ပြုသင့်တယ်။ စည်းလွတ်ဝါးလွတ် ပြော ဆိုဝေဖန်နေတာ မဟုတ်ဘူး။ ဖြစ်ပျက်နေတဲ့ ဘောင်အတွင်းမှာပဲ သံစဉ်နဲ့ နားဝင်ချိုအောင် ပြောနေတာပဲ။ အနုပညာမြောက်အောင်ပြောတာဖြစ်တဲ့အတွက် ဒါကအနုပညာ ပဲ။ ရိုင်းတယ်လို့မမြင်ဘူး။ ဒီမိုကရေစီ လမ်းစဉ်သွားတဲ့ကာလမှာ ပိုပြီးတော့ ထွန်းကားသင့်တယ်။ တစ်နှစ်ပတ်လုံးဖြစ်ပျက်တာကို ရင်ဖွင့်ပေးတဲ့ ပြည်သူ့ ဟစ်တိုင်တွေပါပဲ။ ကျွန်တော့်ဘဝမှာ သင်္ကြန်နဲ့ပတ်သက်ပြီး အမှတ်တရအများကြီးပဲ။ ပထမဆုံး ဒါရိုက်တာလုပ်တာသံချပ်ပဲ။ ဒါပေမဲ့ ဆင်ဆာ အပိတ်ခံလိုက်ရတယ်။
ခန့်မင်းထက် (အပြာရဲ့အနီသံချပ် အဖွဲ့)
သံချပ်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုတင်တယ်။ ဒါပေမဲ့ မင်နီတွေများလည်း အစ်ကိုတို့က ဒီအတိုင်းပဲပြောမှာပဲ။ သူတို့ဖြတ်လည်း အစ်ကိုတို့က ဖြတ်မှာ မ ဟုတ်ဘူး။ ဒီနှစ်အတွက် ရည်ရွယ်ထားတာက ၃ ခုရှိတယ်။ကျောင်းသားကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စ၊ ဧရာဝတီကိစ္စပေါ့။ သံချပ်အတွက် ဒီလိုတင်ရတာကို အစ်ကိုတို့က လက်မခံဘူး။ လက်မခံလို့လည်း တောက်လျှောက် ဆန့်ကျင်ခဲ့တာပေါ့။ ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်သစ်ဆီသို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ ဒီလိုမျိုး စိစစ်တယ်ဆိုတာ မဖြစ်သင့်ဘူး။နောက်ပြီး သံချပ်ဆိုတာလည်း တစ်နှစ်ပတ်လုံး ပြည်သူတွေခံစားနေရတဲ့ဟာ ကို အစ်ကိုတို့ကပြောပေးတာ။ သံချပ်ဆိုတာက သီချင်းလိုမဟုတ်ဘူး။ ပြည်သူတွေရင်ထဲကို တန်းရောက် တယ်။ ဒါကြောင့် သူတို့က တအားကြောက်တာ။ တအားကြောက်တော့ အစ်ကိုတို့ကို တ အားစိစစ်တယ်။ ဒီလို စိစစ်တယ်ဆိုတာ မရှိသင့် တော့ဘူးလို့ ထင်တယ်။ သံချပ်ဆိုတာ မင်းတုန်းမင်းလက်ထက်ကတည်းက တစ်နှစ်ပတ်လုံးပြည် သူတွေ ရဲ့ ဖြစ် ပျက် သမျှကို ဘုရင်မင်းတရားကြီး သိအောင်ပြောရတဲ့အခါရှိတယ်။ ဒါကို သံချပ်နဲ့ပြောခဲ့ကြတာ။ သံချပ်ဆိုတာ ဆိုက်ကားသမားလည်းပါတယ်။ ဈေးရောင်းတဲ့သူလည်းပါတယ်။ ဒီလို လူထုလူတန်းစားအားလုံးကို ကိုယ်စားပြုတယ်။ အစ်ကိုတို့အသင်းအနေနဲ့ ပြောရရင် ကျောင်းဆရာ၊ ဆရာမတွေ လာဘ်စားတာ မပြောဘူး။ မော်တော်ပီကယ်တွေ လာဘ်စားတာ မပြောဘူး။ အစ်ကိုက ငြိမ်းချမ်းရေးအကြောင်း၊ အကြမ်းဖက်မှုအကြောင်း၊ ဧရာဝတီအကြောင်းပဲပြောမှာ။ ဧရာဝတီက တကယ်လို့ သူတို့လက် ထက် မဟုတ်ဘဲ အခြားအစိုးရလက်ထက်ဖြစ်ရင် ဆက်လုပ်မလားဆိုတဲ့ကိစ္စ ရှိတယ်။
ပိုင်ရဲသူ(ဒေါင်းတို့မျိုးဆက်-သံချပ်အဖွဲ့)
ဒီနှစ်လည်း ကျွန်တော်တို့သံချပ်အဖွဲ့ထွက်မှာပါ။ ကျွန်တော်တို့အဖွဲ့က တကသ (တက္ကသိုလ်ကျောင်း သားများ သမဂ္ဂဆိုတော့ ဒီနှစ်မှာ ကျွန်တော်တို့ အဖွဲ့ရှိတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မုံရွာ၊ တနင်္သာရီ တိုင်းတွေမှာ ကျွန်တော်တို့ ဒေါင်းတို့မျိုးဆက်အဖွဲ့တွေရှိမယ်။ သံချပ်တွေခွင့်ပြုချက်က ၂ဝ၁၃ ခုနှစ်မှရပေ မယ့် ကျွန်တော်တို့က ၂ဝ၁၂ ကတည်းက သံချပ်အဖွဲ့ စထွက်ခဲ့တာ။ခွင့်ပြုချက်မရဘဲ ထွက်ခဲ့ပေမယ့် ဘာ အခက်အခဲမှမရှိခဲ့ပါဘူး။ ၂ဝ၁၃ ကျတော့ သူတို့တွေက စိစစ်ရေး တင် ခိုင်းတယ်။ ကျွန်တော်တို့က မတင်ဘဲ ထွက်တယ်။ ၂ဝ၁၄ ခုနှစ်မှာလည်း မတင်ခဲ့ဘူး။ ဒီနှစ်လည်းမတင်ဘူး။ ဒီလို မတင်တဲ့အတွက် ဘာအခက် အခဲမှ မရှိခဲ့ဘူး။ တင် လိုက်မှပဲ အခက်အခဲဆိုတာ ရှိလာနိုင်မယ်လို့ ကျွန်တော်မြင်တယ်။ ဒီလိုစိစစ်ရေး မတင်လို့ ဖြစ်လာမယ့်အပိုင်းကတော့ ကျွန်တော်တို့ရဲ့ အကျိုးဆက်ပေါ့။ ကျွန်တော် တို့ ကတော့ တင်စရာ မလိုဘူးလို့ယူဆတယ်။ စိစစ်ရေးဆိုတာကလည်း ဘယ်လိုဟာမျိုးသူတို့က လုပ်မှာလဲ၊ ဘယ်သူအတွက်စိစစ် မှာလဲ၊ အစိုးရအတွက် လား၊ နိုင်ငံ အ တွက်လား၊ ပြည်သူအတွက်လား တိတိကျကျမရှိတဲ့ဟာကို ကျွန်တော်တို့က ဘယ်လိုယုံကြည်ရမှာလဲ။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့က မတင်ကြတာပါ။ သံချပ်ဆိုတာ တစ်နှစ်ပတ်လုံး အမြီးအမောက်မတည့်တဲ့ဟာတွေ၊ အစိုးရရဲ့ လုပ်နည်းကိုင် နည်းမှားတဲ့ဟာတွေကို ထောက်ပြတာဆိုတော့ ဒီလိုစိစစ်ရေးတင်ခိုင်းတာ သဘာဝမကျဘူး လို့ထင်တယ်။ သံချပ်ဆိုတာက ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းအောင်မြင်ခဲ့တဲ့အရာ ပါ။ သင်္ကြန်ဆိုတာ သံချပ်မပါမဖြစ်ပါရပါမယ်။ ၈၈ မှာသံချပ်တွေပိတ်ခံရတယ်။ ခုချိန်မှာ သံချပ်တွေ ဖော်ထုတ်ခွင့်ရတဲ့အချိန်မှာ ကျွန်တော်တို့လူငယ် တွေလည်း သံချပ်နဲ့ရင်နှီးလာတယ်။ ကျွန်တော်ကတော့ သံချပ်တိုင်တဲ့ယဉ်ကျေးမှုကို ကြိုက်တယ်။ သူက ပွင့် လင်းမြင်သာမှုရှိတယ်။ ထောက်ပြလို့ ရတယ်။ ကျွန်တော်တို့က ကျောင်းသားတွေဆိုတော့ အဓိကကကျောင်းသားတွေခံစားနေရတာတွေ၊ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေ အကြောင်း၊ ပြီး တော့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်၊ ကျွန်တော်တို့က သပိတ်မှောက်နေတဲ့ ကျောင်းသားတွေဆိုတော့ အဲ့ဒီအကြောင်းတွေကိုပြောမယ်။ ကျန်တာတွေ လည်းပါမယ်။
ပေါ်ပြူလာနယူးစ်
No comments:
Post a Comment