Thursday, April 2, 2015

ဒီနှစ်သင်္ကြန်မှာ Iron Cross အဖွဲ့သားတွေနဲ့အတူ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ သီဆိုဖျော်ဖြေမယ့် တေးသံရှင်ဝိုင်ဝိုင်းနဲ့ တွေ့ဆုံမေးမြန်းထား ပါတယ်။


Voice : ဒီနှစ်သင်္ကြန်မှာ Iron Cross အဖွဲ့က ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရှိမယ်လို့ သိထားတယ်။ သင်္ကြန်မှာ Iron Cross အဖွဲ့နဲ့ ဘယ်လိုဖျော်ဖြေဖို့ စဉ်းစားထားလဲ။
Y Wine : ရန်ကုန်ပရိသတ်ကတော့ သင်္ကြန်မှာ အရမ်းအားပေးကြပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဆိုဖို့အတွက် စိတ်လှုပ်ရှားတယ်။ သင်္ကြန်တွင်းမှာ ကျွန်တော်တို့အားလုံး မျှော်စင်ကျွန်းမှာ ရှိနေမှာဖြစ်လို့ လာခဲ့ကြပါဦးလို့ ပြောချင်ပါတယ်။

Voice : ပရိသတ်တွေကို လက်မှတ်ရောင်းပြီး ဖျော်ဖြေရတဲ့ ရှိုးပွဲတွေနဲ့ သင်္ကြန်မှာ Free Show ဆိုရတဲ့အပေါ် ခံစားမှုက ဘယ်လိုကွာခြားလဲ။
Y Wine : သင်္ကြန်ကတော့ ဆိုရတာ လွတ်လပ်တယ်ဗျ။ ပွဲချိန်ကလည်း နေ့လယ် ဆိုတော့ ဆိုရတာ ခံစားမှုတစ်မျိုး ရတာပေါ့။ ကျွန်တော်တို့ ညဘက်လုပ်တဲ့ ရှိုးပွဲတွေ ကျတော့လည်း ဆိုရတာ ပုံစံတစ်မျိုးပေါ့။ မတူကြပါဘူး။ ဒါပေမဲ့ နှစ်မျိုးစလုံး ကတော့ ဆိုရတာ ပျော်စရာကောင်းပါတယ်။ သင်္ကြန်တွင်းမှာတော့ ပရိသတ်တွေ အားလုံးကလည်း ပျော်နေကြတော့ ကျွန်တော်တို့လည်း ဆိုရတာပျော်ပါတယ်။
Voice : သင်္ကြန်မှာ သီချင်းတွေဆိုရင်း နှစ်တိုင်း ဖြတ်သန်းလာခဲ့တာဆိုတော့ သင်္ကြန်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အမှတ်တရဖြစ်ရပ်မျိုး ကြုံခဲ့ရတာမျိုးရှိလား။ ဇာတိဖြစ်တဲ့ မြစ်ကြီးနားမြို့မှာရော အဆိုတော်မဖြစ်ခင်က သင်္ကြန်ကို ဘယ်လိုဆင်နွှဲခဲ့လဲ။
Y Wine : ထူးထူးခြားခြား ဖြစ်ရပ်မျိုး ကြုံခဲ့ရတာတော့ မရှိပါဘူး။ နှစ်တိုင်းကတော့ သင်္ကြန်ဆို ပျော်စရာကောင်းတာ ပါပဲ။ တစ်နှစ်နဲ့ တစ်နှစ်တော့ မတူဘူးပေါ့နော်။ အနုပညာရှင် မဖြစ်ခင်ကလည်း သင်္ကြန်ရောက်ပြီဆိုတာနဲ့ ရင်ခုန်ပါတယ်။ ကျွန်တော်တို့နယ်မှာဆို စက်ဘီးလေး တွေနဲ့ ရေပက်ခံထွက်ကြတယ်။ ကျွန်တော်တို့ မြစ်ကြီးနားက အေးတယ်ဗျ။ မှတ်မှတ်ရရတော့ သင်္ကြန်တွင်းတစ်ခုမှာ ရေပက်ခံထွက်ပြီး ပြန်လာတော့ အရမ်းချမ်းတာတော့ မှတ်မိတယ်။
Voice : သင်္ကြန်တွင်းမှာကျတော့ ဘယ်လို သီချင်းမျိုးတွေဆိုဖို့ ရွေးချယ်ဖြစ်လဲ။
Y Wine : သင်္ကြန်က လေးရက်တောင် ဆိုရမှာဆိုတော့ သီချင်းရွေးတဲ့အခါ နည်းနည်းလေး သတိထားရတယ်။ သီချင်းအနှေးနဲ့ အမြန်တွေကို မျှအောင်ရွေးရတယ်။ ဒါပေမဲ့ အောက်ကအားပေးတဲ့ ပရိသတ်ကိုကြည့်ပြီး သီချင်းကတော့ အမြဲတမ်း ပြောင်းနေရပါတယ်။ အဓိက ကတော့ သင်္ကြန်ဆိုတော့ သုံးလေးရက် ဆိုရတော့ ခါတိုင်းဆိုနေကျမဟုတ်တဲ့ သီချင်းအဟောင်းလေး တွေပါ ပြန်ထုတ်ဖော်ပြီး ဆိုပေးရပါတယ်။
Voice : ဒီနှစ်က Iron Cross အဖွဲ့ တည်ထောင်ထာ ၂၅ နှစ်ပြည့်မှာ ဆိုတော့ အဖွဲ့သားတစ်ယောက် အနေနဲ့ ဘယ်လို ခံစားချက်ဖြစ်မိလဲ။ဒီအချိန်အထိ I.C အဖွဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ အကြောင်းအရင်းက ဘာကြောင့်ဖြစ်မလဲ။
Y Wine : ကျွန်တော် စိတ်လှုပ်ရှားပါတယ်။ Band တစ်ခုအနေနဲ့ ၂၅ နှစ် အထိ ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဆက်ပြီးတော့လည်း ရှေ့ဆက်သွားဖို့ ကျွန်တော်တို့အားလုံး ကြိုးစားနေကြပါတယ်။ အဓိကကတော့ ကျွန်တော်တို့ အဖွဲ့သားတွေအားလုံး အချင်းချင်း စေတနာ ထားမှု၊ သည်းခံမှုနဲ့ ချစ်ခင်မှုတွေကြောင့် ဒီအချိန်အထိ ရပ်တည်လို့ရနေတာလို့ မြင်ပါတယ်။ လူဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာမျိုးတော့ ရှိမှာပဲ။ ကိုယ်တစ်ယောက်တည်း အနေနဲ့တောင် စိတ်က အမျိုးမျိုး ပြောင်းနေတာလေ။ အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းတရားတွေရှိရင် အဆင်ပြေ ပါတယ်။
Voice : ပရိသတ်တွေအတွက် စီးရီးသစ်တွေရော လုပ်နေတာရှိလား။ နောက်ဆုံး ထွက်ထားတဲ့ အတုံ့အလှည့်စီးရီးနဲ့ရော ဘယ်လိုကွာခြားမလဲ။
Y Wine : ကျွန်တော့်ရဲ့ စီးရီးသစ်ကတော့ လုပ်နေပါပြီ။ သီချင်းတွေလည်း စုနေပါပြီ။ စီးရီးကတော့ ၂၀၁၆ နှစ်ဆန်းပိုင်းလောက် ထွက်နိုင်ဖို့ လုပ်နေပါတယ်။ အတုံ့အလှည့် ကတော့ ကျွန်တော်ကော်ပီတွေ ဆိုခဲ့တာ ပေါ့နော်။ အခုလုပ်နေတဲ့ စီးရီးသစ်ကတော့ ကိုယ်ပိုင်သံစဉ်တွေပဲ ဖြစ်မှာပါ။
(သန့်ဇင်ဦး)
The Voice Weekly

No comments:

Post a Comment