Sunday, April 26, 2015

ဆက်ကြေးပေးဆောင်ခြင်းမရှိသော မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲအား KIA အဖွဲ့မှ ခြိမ်းခြောက်ပစ်ခတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲအား ဧပြီလ ၂၅ ရက်၊ မနက် ၃ နာရီခွဲအချိန်တွင် KIA အဖွဲ့မှ ဆက်ကြေးပေးဆောင်ခြင်းမရှိသည့်အတွက် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် သွားကြောင်း မူဆယ်မြို့ခံ များထံမှ သိရသည်။

KIA အဖွဲ့၏ ပစ်ခတ်မှုကြောင့် မြ၀တီဘဏ်ခွဲ အဆောက်အဦ မြေညီထပ်၏ ရှေ့မျက်နှာစာ မှန်များ၊ ပထမထပ်နှင့် ဒုတိယထပ်ရှိ မှန်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘဏ်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ဘဏ်တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြ၀တီဘဏ်က ဆက်ကြေးမပေးလို့ ယခုကဲ့သို့ လာရောက် ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း၊ KIA အနေနဲ့ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် အစိုးရတပ်မတော်ကို ရန်စသလိုဖြစ်နေပြီး ဒေသအတွင်းတိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံ များအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြ ကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထိခိုက်စေနိုင်ကြောင်း မူဆယ်မြို့ ရဲစခန်းမှတာဝန်ရှိသူ တစ်ဦးမှလည်း ပြောကြား ခဲ့ပါသည်။

၂၀၁၅ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် မူဆယ်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ CB ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်နှင့် ကမ္ဘောဇဘဏ်များအား ဆက်ကြေးပေးဆောင်ရန်အတွက် မတ်လ ၃၀ ရက်နေ့မတိုင်မီ လာရောက်တွေ့ဆုံရန် အကြောင်းကြားစာများပေးပို့ခဲ့ပြီး မြ၀တီဘဏ်ခွဲ ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ ၎င်းကိစ္စများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဘဏ်မန်နေဂျာ တစ်ဦးမှလည်း ပြောသည်။

စိုင်းအိုက်မောင်း (မူဆယ်)
Kachin Daily News 

No comments:

Post a Comment