Thursday, April 23, 2015

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ် ဒေါက်တာ အေးမောင် ရှင်းပြခြင်း မရှိဟု SNLD ကြေညာချက်ထုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီ  ၁၀ ရက်က သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲသို့ တိုင်းရင်းသား ကိုယ်စားပြု တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသား အမတ်ဖြစ်သူ ဒေါက်တာ အေးမောင်က ဆွေးနွေးပွဲရလဒ်ကို တစ်စုံတစ်ရာ ရှင်းပြခဲ့ခြင်း အလျဉ်းမရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ဧပြီ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
"ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒေါက်တာ အေးမောင်နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပါ။ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲသို့ တက်ရောက်စဉ်ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြု တက်ရောက်ခဲ့ခြင်း မဟုတ်ပါ။ ဆွေးနွေးပွဲပြီး ပြန်လည်ရှင်းပြသည်ဟု ဆိုရာတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှင်းပြခြင်း လုံးဝမရှိခဲ့ပါ" ဟု SNLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။  

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်များကို တိုင်းရင်းသားများအား ပြန်လည်ရှင်းပြပြီးဖြစ်သည်ဟု ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတွင် ဒေါက်တာ အေးမောင်၏ ပြောဆိုချက်အပေါ် SNLD က ယင်းကဲ့သို့ ကြေညာချက် ထုတ်ခဲ့ခြင်းဖြစ်သည်။   
ထို့ပြင် တိုင်းရင်းသားပါတီများနှင့် သဘောတူထားသည့် အကြောင်းအရာများကိုသာ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့သည်ဟု
ဒေါက်တာ အေးမောင်၏ ပြောဆိုချက်သည်လည်း SNLD က ၄င်းတို့ပါတီနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ကြေညာချက်တွင် ပါရှိသည်။ 
"ဆွေးနွေးပွဲမှာ ကျွန်တော် တင်ပြခဲ့တဲ့ ကိစ္စအားလုံးဟာ ဘောင်မလွတ်ဘူး။ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးပြီးသား ကိစ္စတွေကို စာအုပ်တစ်အုပ် ကျွန်တော်တို့ ပြုစုထားတာ ရှိပါတယ်။ အဲဒီ ဘောင်ထဲကပဲ ကျွန်တော် ပြောခဲ့တာပါ။ သူတို့လည်း သဘောပေါက်ပါတယ်။ Agree (သဘောတူ)  ဖြစ်ပြီးသား စကားလုံးတွေကိုပဲ ကျွန်တော် ပြောခဲ့တာပါ" ဟု ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ဒေါက်တာ အေးမောင်၏ ပြောဆိုချက်အပေါ် အထက်ပါအတိုင်း ကြေညာချက်ထုတ်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ကျားဖြူ (SNDP) ကထုတ်ရင် ရှင်းလို့ရတယ်။ ကျားဖြူ မဟုတ်ဘဲနဲ့ SNLD ဆိုရင် မဆိုင်ဘူး" ဟုဆိုကာ "ခင်ဗျားမေးတာ နောက်မှ ပြောမယ်။ ကျွန်တော်လည်း မအားဘူး" ဟုသာ ဖြေကြားခဲ့သည်။
Mizzima 

No comments:

Post a Comment