Friday, May 8, 2015

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် တပ်မတော ခေါင်းဆောင်ဟောင်း လေးဦး၏ နေအိမ်အနီးတွင် တာဝါတိုင် ဆောက်လုပ်မှု ကန့်ကွက်ခံရ

မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက် နဝဒေးလမ်းရှိ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် တပ်မတော် ခေါင်းဆောင်ဟောင်းလေးဦး နေထိုင်သော နေအိမ်အနီးတွင် ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်မှုနှင့် ပတ်သက်၍ ယင်းအနီး နေထိုင်သူများက မေလ ပထမပတ်မှ စတင်ကာ ကန့်ကွက်လျက်ရှိကြောင်း ကန့်ကွက်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါအိမ်များ အနီးရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရော်ဘာပစ္စည်း ထုတ်လုပ်မှု သုတေသန နည်းပညာနှင့် သင်တန်းပို့ချရေး ဌာနဝင်းတွင် ပေ ၁၅၀ မြင့်သော ဆက်သွယ်ရေး တာဝါတိုင်ကို Digicel Myanmar Tower Company (MTC) က မတ်လ နောက်ဆုံးပတ်က ရပ်ကွက်နေသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို အသိမပေးဘဲ လူနေအိမ်များနှင့် ၁၅ ပေ အကွာတွင် စတင်တည်ဆောက်ခဲ့မှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ခြင်း၊ တာဝါတိုင် ပြိုကျပါက အသက်အန္တရာယ် ထိခိုက်စေနိုင်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကန့်ကွက်သူတစ်ဦး ဖြစ်သူ ဦးနေဝင်းကျော်ဇင်က ပြောကြားသည်။

ယင်းတာဝါတိုင်မှာ လူနေအိမ်များနှင့် နီးကပ်စွာ တည်ရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပါက လူနေအိမ်များကို လဲကျနိုင်ခြင်း၊ တာဝါတိုင်ကြောင့် လျှပ်စစ်ဓာတ်အား ရရှိမှု နည်းပါးခြင်း၊ တာဝါတိုင်မှ ထုတ်လွှင့်သော ရေဒီယိုလှိုင်းများမှာ ကင်ဆာရောဂါ အပါအဝင် အခြားရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း၊ အဆိုပါ တာဝါတိုင် တည်ဆောက်မှုအပေါ် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် ရပ်ကွက်နေ လူများက သက်ဆိုင်ရာသို့ ဧပြီလ ၁ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်မအိမ်နဲ့ဆို ဆယ်ပေတောင် မကွာတော့ဘူး။ ဒီတာဝါတိုင်က ထုတ်လွှင့်တဲ့ ရေဒီယိုလိုင်းတွေဟာ ကင်ဆာနဲ့ အယ်ဇိုင်းမား အခြားဆက်စပ်ရောဂါတွေ ဖြစ်နိုင်တယ်။ ပြိုကျရင်လည်း ကျွန်မအိမ်ပေါ် တည့်တည့်ကျမှာ။ ဒါကြောင့် ကျွန်မတို့က ကန့်ကွက်တယ်” ဟု ယင်းတာဝါတိုင်နှင့် အနီးဆုံးတွင် နေထိုင်သည့် ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာအလင်္ကာက ပြောကြားသည်။
တာဝါတိုင် ဆောက်လုပ်စဉ်က သက်ဆိုင်ရာ ကုမ္ပဏီက အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခြင်း မရှိဘဲ ရပ်ကွက်နေသူများက လာရောက်အသိပေးမှသာ သိရှိရခြင်း ဖြစ်ကြောင်း၊ ယင်းတာဝါတိုင်မှာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်သောကြောင့် တားဆီးပိုင်ခွင့် မရှိသော်လည်း ရပ်ကွက်နေထိုင်သူများ၏ ကန့်ကွက်မှုကို သက်ဆိုင်ရာ ဌာနများထံ တင်ပြထားကြောင်း အမှတ် (၇) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကုမ္ပဏီက ဒီနေ့ပဲ နေပြည်တော်မှာ ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး တာဝါတိုင်အတွက် လက်မှတ်ထိုးနေပါပြီ။ ၁၅ နှစ် သက်တမ်းနဲ့ ငှားထားတာပါ။ တိုင်ကြားစာတွေထဲမှာ ဗိုလ်ချုပ်ကြီးဟောင်း နာမည်ပါတော့ ကျွန်တော်တို့လည်း ပေါ့ပေါ့ဆဆတော့ မလုပ်ပါဘူး။ တိုင်ကြားစာကို ဘယ်ဌာနကမှ တရားဝင်စာထုတ်ပြီး တားမြစ်တာ မရှိတဲ့အတွက် ဆက်ဆောက်တာပါ။ ရပ်ကွက်က ကန့်ကွက်နေတယ် ဆိုရင်တော့ ကျွန်တော်တို့က ရပ်နားထားမှာပါ” ဟု MTC ကုမ္ပဏီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။
အဆိုပါ တာဝါတိုင် ဆောက်လုပ်မှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများကို အသိမပေးဘဲ ဆောင်ရွက်လျက် ရှိသောကြောင့် တားမြစ်နိုင်ရေးအတွက် ဆန္ဒထုတ်ဖော်ရန် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခွင့်ပြုချက် လျှောက်ထားလျက်ရှိကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:

Post a Comment