Friday, May 8, 2015

ပက်ကွီအိုသည် သူရဲဘောကြောင်သည့် အရှုံးသမားဟု မေဝယ်သာ ဝေဖန်တိုက်ခိုက်


မန်နီပက်ကွီအိုသည် သူရဲဘောကြောင်သူ အရှုံးသမား တစ်ဦးဖြစ်ကြောင်း ဖလွိုက်ဒ် မေဝယ်သာက တိုက်ခိုက် ပြောကြားလိုက်ပြီး ဖိလစ်ပိုင်သားနှင့် စိတ်မကျေပွဲ ပြန်လည် ထိုးသတ်ရန် ခန့်မှန်းချက်များကို ငြင်းဆိုသွားသည်။

အမေရိကန် လက်ဝှေ့အကျော်အမော် မေဝယ်သာသည် မေလ ၃ရက်က တစ်ကမ္ဘာလုံး စိတ်ဝင်စားနေသည့် လက်ဝှေ့ စိန်ခေါ်ပွဲတွင် ပက်ကွီအိုအပေါ် အမှတ်ဖြင့် အနိုင်ရပြီး (၄၈)ပွဲ ထိုးသတ်ကာ ပွဲတိုင်းအနိုင်ရသည့် စံချိန်ကို ဆက်ထိန်းနိုင်ခဲ့သည်။ သို့သော်လည်း အဆိုပါ ပွဲစဉ်တွင် ပက်ကွီအိုက တိုက်စစ်ဆင် ဖိထိုးပြီး မေဝယ်သာက ကြိုးဝိုင်းထဲတွင် ပတ်ရှောင်နေရသည့်အချိန် ပိုများနေရာ ပရိသတ် အများစုက မေဝယ်သာ အနိုင်ရခြင်းကို မကျေနပ်ကြချေ။
ပက်ကွီအို ကိုယ်တိုင်ကလည်း ယင်းပွဲကို မိမိနိုင်မည်ဟု ထင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပြီး ညာဘက်ပခုံးတွင် ဒဏ်ရာရှိနေပြီး နာကျင်မှု သက်သာစေသည့် ဆေးထိုးနှံခွင့် မရဘဲ ယှဉ်ပြိုင်ခဲ့ရခြင်းကလည်း ထိုးသတ်မှုတွင် အဟန့်အတားများ ဖြစ်စေခဲ့ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
မေဝယ်သာသည် လက်ဝှေ့ပွဲအပြီး ပရိသတ် ဝေဖန်မှုများ ကြုံနေရချိန်တွင် တောက်လျှောက် နှုတ်ဆိတ်နေသော်လည်း Showtime on Saturday အစီအစဉ်နှင့် အင်တာဗျူးတွင် ယင်းပွဲနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် တုံ့ပြန်မှု ပြုလုပ်လာခဲ့သည်။ ၎င်းက ပက်ကွီအိုသည် အရှုံးအတွက် ဆင်ခြေမျိုးစုံ ပေးနေသူဟု စွပ်စွဲတိုက်ခိုက် ပြောကြားလိုက်သည်။
“ဆင်ခြေတွေ၊ ဆင်ခြေတွေ၊ ဆင်ခြေတွေချည်းပဲ။ သူက တကယ်မြန်တယ်။ သူ့ဘယ်လက်က အရမ်းမြန်တယ်။ သူ့ညာလက်လည်း မြန်တာပဲ။ ပက်ကွီအိုက သူ့လက်နှစ်ဖက်စလုံးကို သုံးပြီးတော့ အားကောင်းကောင်း ထိုးနှက်ခဲ့တာပဲ။ ကျန်တဲ့ကိစ္စတွေ ဘာမှ ပြောနေစရာ မရှိဘူး။ သူရှုံးတယ်။ သူရှုံးမှန်း ပက်ကွီအို သူ့ဘာသာသူ သိနေတာပဲ။ ကျွန်တော်ကတော့ သူ့အပေါ် လေးစားမှု ကုန်ခန်းသွားပြီ”ဟု မေဝယ်သာက ဆိုသည်။
မေဝယ်သာက မိမိသည် မူလက ပက်ကွီအိုနှင့် နောက်တစ်ကျော့ ထိုးသတ်ရန် စိတ်ဝင်စားသော်လည်း ယခုအခါ စိတ်ပြောင်းသွားပြီဟုလည်း ပြောဆိုခဲ့သည်။ “ကျွန်တော် သူနဲ့ပြန်ထိုးဖို့ ရည်ရွယ်ခဲ့သလား။ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုတော့ စိတ်ပြောင်းသွားပြီ”ဟု ၎င်းက ဆိုသည်။ မေဝယ်သာက “အခုအချိန်မှာတော့ အဖြေက နိုးပါပဲ။ သူဟာ စိတ်ပျက်စရာ အရှုံးသမားတစ်ယောက်၊ သူရဲဘောကြောင်သူ တစ်ယောက်ပဲ။ ကိုယ်ရှုံးရင် အရှုံးကို လက်ခံလိုက်ပေါ့။ ပြီးတော့ ‘မေဝယ်သာရေ၊ မင်းကတော့ ပိုကောင်းတဲ့ တိုက်ခိုက်ရေးသမားပါ’လို့ ဝန်ခံလိုက်ပေါ့”ဟုလည်း ပြောကြားသွားသည်။
_Ref: Dailymail

1 comment:

  1. ကိုမေကိုလိုး မေ၀ယ်သာမင်းကဖြင့် ထွက်ပြေးနေပြီးမှ သူများကိုသရဲဘောကြောင်တယ်လုပ်နေ

    ReplyDelete