Thursday, May 21, 2015

ထိုင်းတွင် ပြုလုပ်မည့် လှေစီးသူများအရေး အစည်းအဝေး မြန်မာတက်မည်

အရှေ့တောင်အာရှနိုင်ငံများက ဝင်ခွင့်မပြုသဖြင့် ပင်လယ်ထဲတွင် ပိတ်မိနေသည့် လှေစီးသွားလာသူများ အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၌ မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးကို မြန်မာနိုင်ငံက တက်ရောက်ရန် လက်ခံလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
အိန္ဒိယသမုဒ္ဒရာတွင် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ မေလ ၂၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းသုံးခု တက်ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောဆိုကြောင်း The Nation သတင်းတွင် ဖော်ပြသည်။

ပင်လယ်တွင် ဒုက္ခရောက်နေသူများကို မြန်မာနိုင်ငံအနေနှင့် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်မှနေရ၍ လိုအပ်သည့် အကူအညီများပေးနိုင်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
“Boat People နဲ့ ပတ်သက်လို့ ဆွေးနွေးမှုနဲ့ လက်တွေ့အနေအထားပေါ် မူတည်ပြီး ဆုံးဖြတ်မှာပေါ့နော်။ လက်ခံမယ် လက်မခံဘူးကတော့ အခုပြောလို့ မရသေးဘူး” ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အစည်းအဝေးကို မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။
“ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင် သွားလာခြင်းဆိုင်ရာ ခေါင်းစဉ်နဲ့ လုပ်မှာဆိုတော့ အဲဒီခေါင်းစဉ်နဲ့အညီ ထိထိရောက်ရောက် ဆွေးနွေးနိုင်မယ့်သူတွေကို လွှတ်လိုက်မှာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သို့ စက်လှေဖြင့် ရောက်ရှိလာကြပြီး မြန်မာနိုင်ငံသားဟု ပြောဆိုနေသည့် လှေစီးသွားလာသူများကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား မှန်ကန်ပါက ကာကွယ်စောင့်ရှောက်ကာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။
ပင်လယ်ထဲတွင် ရောက်ရှိနေသည့် လှေစီးသူများကို အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က လက်ခံထားမည် ဖြစ်ပြီး ထိုင်းနိုင်ငံကမူ လက်ခံရန် သဘောတူညီခြင်း မရှိသေးကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြသည်။
လှေစီးသွားလာသူများနှင့် ပတ်သက်၍ အဆိုပါ သုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မေလ ၂၀ ရက်နေ့က မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည်။
The Voice Weekly

No comments:

Post a Comment