Tuesday, May 26, 2015

နှစ်နှစ်နီးပါး ရှိပြီဖြစ်သည့် ဒလမြို့နယ်အတွင်းက အမျိုးသမီးတစ်ဦး သေဆုံးမှုအတွက် ပြန်ခေါ်သက်သေများ စစ်ဆေး

ဒလမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့သည့် အတက် ရောဂါရှိသည့် အမျိုးသမီး တစ်ဦး
သေဆုံးခဲ့သည့် ဖြစ်စဉ်အတွက် ပြန်ခေါ်သက်သေများကို စစ်ဆေးနေသည်ဟု ဒလမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃၊ ဇူလိုင် ၃ ရက်က ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ဒေါ်လှလှစိန်သည် အလုပ်သမား
ဆေးရုံတွင် ဆေးကုသမှုခံယူ နေစဉ် သေဆုံးသွားခဲ့သဖြင့် ဒလမြို့မ ရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်နေစဉ် သေဆုံးသူ၏ မိသားစုဝင်များက ဒေါ်လှလှစိန်သည် ၂၀၁၃၊ ဇွန် ၂၉ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ရာဇသင်္ကြန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ ဒလမြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ် မြအေးနှင့် ဆယ်အိမ်မှူးများအပါအ၀င် ခုနစ်ဦးတို့က ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့ရသည်ဟုဆိုကာ ၎င်းတို့ကို အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ဒလမြို့မရဲစခန်းက ဇူလိုင် ၉ ရက်တွင် လူသတ်မှုသို့ ပြောင်းလဲအမှုဖွင့်ခဲ့သည်။

အမှုကို ၂၀၁၃၊ သြဂုတ် ၈ ရက်တွင် ရန်ကုန်တောင်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

ယင်းနောက် သေဆုံးသူ၏ ရှေ့နေဘက်မှ တောင်းဆိုမှုကြောင့် ၂၀၁၄၊ သြဂုတ် ၈ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံးတွင် ပြောင်းလဲစစ်ဆေးရန် ရန်ကုန်တိုင်း တရားရုံးက အမိန့်ချမှတ်လိုက်ပြီး တရားလိုပြနှင့် ခံပြသက်သေစုစုပေါင်း ၂၃ ဦးခန့် စစ်ဆေးပြီးချိန်တွင် ၂၀၁၅၊ မေ ၁၉ ရက်တွင် နာကျင်စေမှုပြစ်မှုပုဒ်မ ၃၂၃ ဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ဒလမြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်လွင်က “သေဆုံးသူဟာ အတက်ရောဂါ ရှိတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဆေးပုံမှန် မသောက်တာနဲ့ ဆေးခန်းပုံမှန် မပြတာကြောင့် သေဆုံးခြင်းဖြစ်တယ်လို့ ဆရာဝန်တွေ ထွက်ဆိုထားပါတယ်။ သူ့မှာ ဒဏ်ရာဆိုလို့ ခြေသလုံးမှာ ဒဏ်ရာတစ်ချက်ပဲ ရှိပါတယ်” ဟု ပြောသည်။

ဒေါ်လှလှစိန်သည် ရိုက်နှက်ခံရ၍ သေဆုံးခြင်း မဟုတ်ဘဲ ၎င်း၏ အတက်ရောဂါ ဝေဒနာကို ဆေးခန်းမှန်မှန်မပြခြင်း၊ ဆေးမှန်မှန် မသောက်သဖြင့် အဆိုပါ ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ၎င်း ပြသခဲ့သည့် ဒလဆေးရုံ၊ ရန်ကုန်အလုပ်သမားဆေးရုံနှင့် ပြင်ပဆေးခန်းမှ ဆရာဝန်၊ စုစုပေါင်း ဆရာဝန်သုံးဦးတို့က တရားရုံးတွင် သက်သေအဖြစ်လာရောက် စစ်ဆေးခံချိန်က ထွက်ဆိုခဲ့သည်ဟု စခန်းမှူးက ဆိုသည်။

အမှုကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၆၉/၁၄ ဖြင့် လက်ခံစစ်ဆေးနေပြီး မေ ၂၅ က ပြန်ခေါ်သက်သေအဖြစ် ဒလမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ခင်မောင်လွင်ကို စစ်ဆေးကာ လာမည့်ဇွန်  ၁ ရက်တွင် ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသည်။
mizzima

No comments:

Post a Comment