Thursday, May 21, 2015

ကျောင်းသားသပိတ်ကြောင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး ဗ.က.သ ကျောင်းသားများ ဆက်တိုက်ဆန္ဒပြမည်

အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်သူများထဲမှ ကျောင်းသားနှင့် ဝန်းရံပြည်သူအချို့ ဖမ်းဆီးတရားစွဲဆိုခံထားရမှုများ ရှိနေရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အနေနှင့် အဆိုပါ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲများ ဆက်တိုက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်ထံမှ သိရသည်။
လက်ပံတန်းဖြစ်စဉ်အပြီး မန္တလေးမြို့တော်တွင် ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ နောက်ဆုံးပတ်တွင် ပထမအကြိမ် ပြုလုပ်ခဲ့ကြောင်း ယင်းသို့ ဆန္ဒထုတ်ဖော်ခဲ့သည့် ဗ.က.သ ကျောင်းသားများထံမှ သိရသည်။

ထပ်မံ၍ ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့် ပြည်သူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးနှင့် ဒီမိုကရေစီပညာရေး ရရှိရေးအတွက် ဗ.က.သ အဖွဲ့ဝင် ကျောင်းသားများသည် မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က အမရပူရမြို့နယ်မှ စတင်ကာ မန္တလေး ဘူတာကြီးအနီးအထိ ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ကျောက်ဆည် နည်းပညာတက္ကသိုလ် ဗ.က.သ အဖွဲ့ဝင် ကျောင်းသားတစ်ဦးက ပြောကြားသည်။
ယင်းသို့ ဆန္ဒထုတ်ဖော်မှုတွင် မန္တလေးမြို့တော် ၃၅x၇၈ လမ်းထောင့် မီးပွိုင့်အရောက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တားဆီးပိတ်ပင်ခြင်း ခံရပြီး ၃၂x၇၈ လမ်းထောင့်တွင် လူစုခွဲကာ ဆန္ဒထုတ်ဖော်ပွဲ အဆုံးသတ်ခဲ့ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“သိပ္ပံလမ်း ၇၈ မီးပွိုင့်ကနေ စပြီးတော့ ဆန္ဒထုတ်ဖော် ကျောင်းသားတွေအနောက်က လိုက်ကြည့်ခဲ့တာ။ တစ်လျှောက်လုံး တားဆီးပိတ်ဆို့တာ မတွေ့ရဘူး။ ၃၅x၇၈ မီးပွိုင့်ကို ရောက်တော့ ရဲတပ်ဖွဲ့က တားဆီးတယ်။ ဒါကို ကျောင်းသားတွေက ကျော်လွှားသွားခဲ့ပြီးတော့ သူတို့အနောက်ကို ရဲတွေက ဆိုင်ကယ်တွေနဲ့ လိုက်လို့ ၃၂ လမ်းလောက်မှာ လူခွဲပြီး ဆန္ဒထုတ်ဖော်တာ ပြီးသွားတာ တွေ့ရတယ်” ဟု မန္တလေးဒေသခံ မျက်မြင်တစ်ဦးက ဆိုသည်။
အဆိုပါဆန္ဒပြပွဲတွင် မန္တလေး၊ ကျောက်ဆည်၊ ရွှေဘိုခရိုင် ဗကသအဖွဲ့ဝင်များမှ ဆိုင်ကယ်ခုနစ်စီး ဝန်းကျင်ဖြင့် ပါဝင်သူ ၁၀ ဦးကျော်ခန့်ရှိကြောင်း အဆိုပါ ဆန္ဒပြပွဲအရ သိရသည်။
“လောလောဆယ်တော့ ဘာမှမရှိသေးပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကလည်း အမှုဖွင့်တိုင်ကြားတာမျိုး မရှိပါဘူး” ဟု အမရပူရမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ကျောင်းသားများ လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်မှုတွင် တားဆီးခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းခြင်းကို ပြန်လည်ဖြေဆိုသည်။
The Voice Weekly

No comments:

Post a Comment