Tuesday, June 16, 2015

ဟိုတယ်ခရီး ကျွမ်းကျင်ပညာရှင်များအသင်းက ဟိုတယ်ကျွမ်းကျင် ဝန်ထမ်းရှားပါးမှုကို ဖြေရှင်းမည်ဟုဆို

 မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ကျွမ်းကျင်ပညာရှင်များ အသင်းများအား ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံရှိ ဟိုတယ် ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှုကို ဖြေရှင်းသွားမည်ဟု အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းရန်နိုင်က ပြောသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ထက် တစ်နှစ် မြင့်လာပြီး နှစ်စဉ်ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားများ တည်းခိုနေထိုင်ရန် ဟိုတယ်များလည်း ဖွံ့ဖြိုးတိုးတက်လာသော်လည်း ဟိုတယ်လုပ်ငန်းတွင် ကျွမ်းကျင်ဝန်ထမ်း ရှားပါးလျှက်ရှိသည်။


"ဟိုတယ်လုပ်ငန်းကို စိတ်ဝင်စားတဲ့ လူငယ်တွေ လက်ရှိ ဟိုတယ်တွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်အဆင့် ဆရာဖြစ်သင်တန်းတွေ လုပ်သွားမယ်။ ဟိုတယ်တွေမှာ ဝန်ဆောင်မှုပိုင်း အားနည်းတာတွေ တွေ့ရတယ်။ မြန်မာနိုင်ငံသားတွေက သူတပါးကို ကူညီဖို့ဆိုတာ နဂိုကတည်းက စိတ်မှာ ပါလာပြီးသား။ ဝန်ဆောင်မှု နည်းပညာပိုင်းလေးပဲ လိုအပ်နေတာ။ မူရင်းစိတ်နဲ့ နည်းပညာလေး ပေါင်းစပ်လိုက်မယ်ဆိုရင် ပရော်ဖက်ရှင်နယ် ဟိုတယ်ဝန်ထမ်းကောင်းတွေ ဖြစ်လာနိုင်တယ်" ဟု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ကျွမ်းကျင်ပညာရှင်များ အသင်း (ဗဟို) မှ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းရန်နိုင်က ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ကျွမ်းကျင်ပညာရှင်များ အသင်း(မန္တလေးဇုန်) အား ဇွန်လ ၁၄ ရက်  တွင်ဖွဲ့စည်းပေးခဲ့ပြီး ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ပတ်သက်၍ သင်တန်းများကို ဖွင့်လှစ်ပေးသွားရန် စီစဉ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံတစ်ကာ အဖွဲ့အစည်းများဖြစ်သည့် ILO နှင့် Willian Anglish Institute (သြစတေးလျ) စသည်တို့ နှင့် ပူးပေါင်း၍လည်း သင်တန်းများပို့ချသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ကျွမ်းကျင်ပညာရှင်များ အသင်းများအား ဇုန်သတ်မှတ်၍ ဖွဲ့စည်းလျက်ရှိရာ ရန်ကုန်၊ ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ မန္တလေးတို့တွင် ဖွဲ့စည်းပြီးဖြစ်ကာ ဆက်လက်၍လည်း အသင်းများအား ဇုန်အလိုက် ဆက်လက်ဖွဲ့စည်းသွားမည် ဖြစ်သည်။
mizzima

No comments:

Post a Comment