Tuesday, June 16, 2015

ထိုင်းက မြန်မာနှင့် စွမ်းအင်ကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်

 ထိုင်း စွမ်းအင်ဝန်ကြီး နာရွန်ချိုင်း အက်ခရာဆနီးသည် မြန်မာ့ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနတို့နှင့် ယနေ့ နေပြည်တော်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဟု ထိုင်းစွမ်းအင် ဝန်ကြီးဌာန၏ ပေါ်လစီနှင့် မဟာဗျူဟာ ညှိနှိုင်းကွပ်ကွဲရေးရုံးမှ ဒါရိုက်တာ ဆာရာဝပ် ကူတာသစ်က ပြောကြားကြောင်း ဇွန် ၁၅ ရက်က သည်နေရှင် သတင်းတစ်ရပ်အရ သိရှိရသည်။
ဤနားလည်မှုစာချွန်လွှာ သဘောတူညီချက်များထဲတွင် နယ်စပ်ဖြတ်ကျော် ဓာတ်ငွေ့ ပိုက်လိုင်းများ ဖြန့်ချမှု၊ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး၊ ရေနံချက်လုပ်ငန်းများ တိုးတက်ရေးနှင့် ရေနံထွက်ပစ္စည်းများ ပူးတွဲထုတ်လုပ်ရေးကဲ့သို့သော ရေစုန် ရေဆန် ရေနံလုပ်ငန်းများ ဖွံ့ဖြိုးရေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ပါဝင်မည်ဖြစ်သည်။


ထို့အတူ မြန်မာ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာတွင်လည်း ရေအား လျှပ်စစ်ဆည်များနှင့် ဓာတ်အားလိုင်း သွယ်တန်းမှုစနစ်များမှသည် ရှိဆဲ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ခြင်းအထိ အကျုံးဝင်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုကဲ့သို့သော လျှပ်စစ်စွမ်းအင်နှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြင့်မားလာနေသော လျှပ်စစ်ဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဤနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

ဤနားလည်မှု စာချွန်လွှာတွင် နှင်နိုင်ငံ၏ လျှပ်စစ်စွမ်းအင် ချိတ်ဆက်များကို နောက်ထပ် ဖွံ့ဖြိုးသွားစေရန်လည်း ရည်ရွယ်သည်။

ထို့အပြင် ဤနားလည်မှုစာချွန်လွှာက မြန်မာ့စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း သစ်များကို နောက်ထပ် ရှာဖွေစူးစမ်းဖို့ ထိုင်း ပုဂ္ဂလိကကုမ္ပဏီများအတွက် လမ်းခင်းပေး မည်ဖြစ်ပြီး နှစ်နိုင်ငံ စွမ်းအင်လုံခြုံရေးကိုလည်း တိုးမြှင့်စေမည်ဖြစ်သည်ဟု ဆာရာဝပ်က ထပ်လောင်း ပြောကြားသည်။
mizzima

No comments:

Post a Comment