Tuesday, June 23, 2015

မိုးညှင်းမြို့နယ်အတွင်းရှိ သစ်စက်လုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ဇွန်လ ၁၉ ရက်နေ့တွင် KIA အဖွဲ့ ရောက်ရှိလာပြီး သစ်ခွဲစက်ပိုင်ရှင်များထံမှ ဆက်ကြေးငွေများ လာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာသို့ ရောက်ရှိလာပြီး သစ်ခွဲစက်ပိုင်ရှင်များဖြစ်သော ဦးသန်းဝင်း၊ ဦးညိုဝင်းနှင့် ဦးဖိုးထောင်တို့ ၃ ဦးအား ခေါ်ယူ၍သစ်ခွဲစက် တစ်လုံးလျှင် ၃၀၀၀၀ ကျပ်နှုန်းတောင်းခံသွားပြီး နန့်စီးအောင်ကျေးရွာ ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံ တစ်ဦးမှ ပြောသည်။
“ဒီနားတစ်ဝိုက်မှာတော့ သစ်ခွဲစက် လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဒေသခံတွေတော့ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။”ဟု ၎င်းမှဆက်လက် ပြောကြားသည်။

“သူတို့ သစ်စက်လုပ်ငန်းရှင်တွေဆီက ဆက်ကြေးကောက်တာ အကြောင်း မဟုတ်ဘူး၊ အခုဟာက ဒေသခံ တွေ အိမ်ဆောက်ဖို့ အတွက် သစ်၊ ဝါးခုတ်တာ တောင် ဆက်ကြေးတောင်းနေတယ်၊ ရိက္ခာဆိုလည်း ပေးရတယ်၊ အဓမ္မ လူသစ်စုတာလည်း ခံရတယ်၊ ဒါမျိုးတော့ မဖြစ်သင့်ဘူး” ဟု ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှလည်း ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြီးသတ်လက်မှတ်ထိုးနိုင်ရန် ဆောင်ရွက်နေချိန်အတွင်း KIA အဖွဲ့ အနေဖြင့် ယခုကဲ့သို့ ဒေသခံများအပေါ် မတရားဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေသောကြောင့် ဒေသခံ တိုင်းရင်းသားတို့၏ ငြိမ်းချမ်းရေး အလင်းရောင်မျှော်လင့်ချက်မှာ မှေးမှိန် လျက်ရှိကြောင်း မိုးညှင်းမြို့ခံ ကျောင်းဆရာတစ်ဦးမှလည်း ပြောကြား ခဲ့ပါသည်။
စိုင်းဖြိုးအောင်
Kachin Daily

No comments:

Post a Comment