Monday, July 6, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက်ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးပြီး ပြင်ဆင်နိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်ပြားသွားမည်ကို စိုးရိမ်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက် ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့် စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်မှစ၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိအချိန်အထိ ဆွေးနွေးမှုများတွင် ပြင်ဆင်ချက်များကို လက်မခံဘဲ မူလအတိုင်း ထားရှိရန်သာ ဆွေးနွေးလျက်ရှိသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် ဆွေးနွေးချက်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်နိုင်ရေး ပြင်ဆင်ချက်လည်း ပါဝင်လျက် ရှိသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခြင်း မရှိပါက ပြင်ဆင်နိုင်မည့် အခြေအနေ မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တပ်မတော်နဲ့ ပတ်သက်ပြီး ဘာမှ မဝေဖန်လိုဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်ရေးကတော့ မျှော်လင့်ချက် နည်းတယ်။ အဲဒါပဲ ပြောချင်တယ်” ဟု ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဥပဒေပြုစာရင်း၊ အခွန်အကောက်စာ (ဇယား ၂၊ ဇယား ၅)တို့အား ပြင်ဆင်ဖြည့်စွက်ချက် ထည့်သွင်းထားမှုအပေါ် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံထားပြီး “ပြည်ထောင်စုပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ” ဆိုသည့် စကားရပ် ထည့်သွင်းထားခြင်းသည် ဗဟိုမှ ချုပ်ကိုင်လိုသည့်သဘော ဖြစ်နေ၍ အဆိုပါစာသားအား ဖြုတ်ပေးရန် တောင်းဆိုထားသည်။

သို့ရာတွင် တပ်မတော်သား ကိုယ်စားလှယ်များကမူ ယင်းဇယားနှင့် ပတ်သက်၍ ဆွေးနွေးထားခြင်း မရှိသေးသဖြင့် ထောက်ခံ၊ မထောက်ခံ မသိရှိရသေးဘဲ တပ်မတော်သားများက မူလအတိုင်း ထားရှိရန် တင်ပြပါက အဆိုပါ ဇယားများသည်လည်း ပြင်ဆင်ရန် ခက်ခဲမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာကလည်း “ပုဒ်မ ၄၃၆ (က) နဲ့ ပုဒ်မ ၄၃၆ (ခ) အရဆိုရင် ၇၅ ရာခိုင်နှုန်း မကျော်ရင် ဘာမှလုပ်လို့ မရဘူး။ လွှတ်တော်ထဲမှာ ပြောခွင့်ရတုန်း ပြောရတာပေါ့နော်။ ရလိုရငြားပေါ့။ ဒီလောက်များတဲ့ လူတွေ ဒီလောက် ပြောတာတောင်မှ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးရဲ့ နားထဲကို မ၀င်လာနိုင်အောင် ဘယ်သူက တားထားတာလဲပေါ့။ ၁၆၆ ဦးအားက ၂၅ ရာခိုင်နှုန်းပဲ ရှိတာ။ သူတို့တွေက ပြည်သူက တင်မြှောက်ထားတာလည်း မဟုတ်ဘူး။ လွှတ်တော်မှာ ငုတ်တုတ်ထိုင်ပြီး မပြင်ရေးဘဲကို နေနေကြတယ်ဆိုတော့ ကျွန်မထင်တယ် ပြည်သူလူထုတွေကတော့ မခံနိုင်လို့ရှိရင် ဒီကိစ္စက ပေါက်ကွဲကုန်မှာ” ဟု ပြောကြားသည်။

ထို့သို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ ဇယားပြင်ဆင်ရေးနှင့် ပတ်သက်၍ သဘောထား မသိရှိရသေးသော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယကထံ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယားများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်သို့ လုပ်ပိုင်ခွင့် ခွဲဝေပေးရေးအတွက် တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား သ၀ဏ်လွှာ ပေးပို့ခဲ့သဖြင့် ပဟေဠိ ဖြစ်စေကြောင်းနှင့် သမ္မတ၏ သဘောထားသည် တပ်မတော်၏ သဘောထားနှင့် ထပ်တူကျနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်က ပြောကြားသည်။

သို့သော် ဇယားများနှင့် ပတ်သက်၍ သမ္မတနှင့် ပြည်ခိုင်ဖြိုးပါတီတို့သည် ပုံစံတူသာဖြစ်ပြီး တပ်မတော်၏ သဘောထားမှာ ယခင်ကတည်းက ပူးတွဲဥပဒေပြုစာရင်း ပြုလုပ်ရန် တင်ပြမှုများ ရှိသည့်အတွက် ဇယားများနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မည်သို့သဘောထား ဆွေးနွေးမည်ကို မသိရှိနိုင်ကြောင်း ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။

“တပ်မတော်ကသာ တစ်ယောက်က ကန့်ကွက်လိုက်တာနဲ့ အားလုံးက ပါပြီးသားလေ။ ပြင်ဆင်နိုင်ဖို့ တော်တော် အလားအလာ မရှိဘူး” ဟု ဦးစိုင်းဝင်းခိုင်က ပြောကြားသည်။

အကယ်၍သာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခြင်း မရှိပါက ရွေးကောက်ပွဲအား တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိသော်လည်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အခက်အခဲ အကျိုးဆက်များ ရှိလာနိုင်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“လေးနှစ်တာ ကာလအတွင်းမှာ စေ့စေ့စပ်စပ် ညှိညှိနှိုင်းနှိုင်းနဲ့ ဖြစ်ခဲ့တာကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ပေးတာ တစ်ခုတည်းနဲ့တော့ တစ်ခုခုဖြစ်သွားရင် မကောင်းဘူးပေါ့။ လေးနှစ်တာ ကာလမှာ သူတို့ တွေ့ဆုံမှုတွေမှာ ထွက်လာတဲ့ စကား ရှိတယ်။ ဖက်ဒရယ်ပြည်ထောင်စု အခြေခံပုံစံကြီးကို သူတို့က ရအောင်ပေးမယ်။ ဖြစ်နိုင်တဲ့ အနေအထားမှာ ရသလောက် သူတို့ ပေးနိုင်ပေးမယ်လို့ ခဏခဏ ပြောနေတာပဲလေ။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ခဏခဏ ပြောနေတာပဲ။ အဲဒါက သူတို့ပါးစပ်က ထွက်လာတဲ့ ကတိက၀တ်တွေပဲ။ အဲဒီ ကတိက၀တ်တိုင်းကို ပြင်ဆင်နေတဲ့ အတိုင်းအတာမှာ သူတို့ မပေးတာတော့ တော်တော်လေး အံ့သြတယ်” ဟု ဦးစိုင်းဝင်းခိုင်က ပြောကြားသည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ စကားပြောရတာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ နည်းနည်း ဆိုင်ချင်ဆိုင်မယ်။ ဆက်စပ်မှု ရှိတယ်။ ဒီ လွှတ်တော်ကို ယုံလို့ မရဘူးဆိုရင် သူတို့ တပ်မတော်ရဲ့ ဆန္ဒအတိုင်း ဖြစ်နေမယ်ဆိုရင် ဒီငြိမ်းချမ်းရေး ရဖို့အတွက်က သူတို့ တစ်ခါတည်း တပ်နဲ့ အပြီးသဘောတူညီမှု ရပြီးမှပဲ သူတို့ ငြိမ်းချမ်းရေး လုပ်မှာ” ဟု ဒေါက်တာ ဗညားအောင်မိုးက သုံးသပ်ပြောကြားသည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ခြင်း မရှိပါက ဖက်ဒရယ်ဦးတည်ချက်ေ၀၀ါးသွားမည့်အပြင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများတွင် သံသယ ပိုကြီးလာမည်ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောကြားသည်။

အလားတူ ယခင်ကတည်းက ဆွေးနွေးသူတစ်ဖွဲ့၊ တိုက်ခိုက်သူတစ်ဖွဲ့၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတစ်ဖွဲ့ စသည်ဖြင့် အဖွဲ့များ ကွဲနေချိန်တွင် အနည်းငယ် ဖြေလျှော့ထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိုပင် အောင်မြင်နိုင်ခြင်း မရှိပါက အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မှုများမှာ ပိုမို အခက်အခဲဖြစ်လာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာက သုံးသပ်သည်။

ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ကိုယ်စားလှယ် အများအပြား ၀င်ရောက်ဆွေးနွေးလျက် ရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ) ပါ ‘စစ်ရေး’ စကားရပ်အစား ‘ကာကွယ်ရေး’ စကားရပ် ပြင်ဆင်ချက်တစ်ခုသာ တပ်မတော်၏ထောက်ခံမှု ရရှိထားပြီး ကျန်ပြင်ဆင်ချက်များကို ဆွေးနွေးလျက်ရှိကာ ဇူလိုင် ၇ ရက်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ အပြီးသတ် ဆွေးနွေးမည်ဖြစ်သည်။

သို့သော် တပ်မတော် အနေဖြင့် ပြင်ဆင်ချက်များကို မူလအတိုင်းသာ ထားရှိရန် ဆွေးနွေးနေသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အထက်အမိန့်က မည်သို့လာမည်ကို မသိရှိနိုင်သေးသဖြင့် ဆွေးနွေးရာတွင် မထောက်ခံသော်လည်း မဲခွဲရာတွင် ထောက်ခံ၊ မထောက်ခံ ယတိပြတ် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ဒေါက်တာဗညားအောင်မိုးက သုံးသပ်သည်။

http://www.news-eleven.com/

No comments:

Post a Comment