Thursday, July 23, 2015

မြစ်ကြီးနားတရားရုံးတွင် သစ်ခိုးမှုစီရင်ခြင်း၊ သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား ၁၅၃ ဦးကို တစ်သက်တစ်ကျွန်း၊ နှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်သော်လည်း အယူခံဝင်နိုင်

မြစ်ကြီးနားမြို့တရားရုံးအနီးတွင် ယူနီဖောင်းအပြည့်အစုံ ၀တ်ဆင် ထားသည့် ရဲတပ်ဖွဲ့ဝင်များက ယခုလအတွင်း ခါတိုင်းထက်ပို၍ လုံခြုံရေးတာဝန်ယူထားသည်။ ရဲ တပ်ဖွဲ့ဝင် ၄၀ ဦးခန့် လုံခြုံရေး ယူထားသော မြစ်ကြီးနားမြို့ တရားရုံးသို့ လူဦးရေ ၁၀၀ ခန့် ဆံ့သည့် ဆယ့်နှစ်ဘီးကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ထိုးဆိုက် လာသည်။

ထို့နောက် ကားပေါ်မှ သူ့ ထက်ငါအလုအယက် ဆင်းလာ ကြသော တရုတ်နိုင်ငံသားများကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်ဖြင့် တရားရုံးသို့ ခေါ် ဆောင်လာသည်။ အဆိုပါတရုတ် နိုင်ငံသားများသည် ဇန်န၀ါရီ ၅ ရက်က ၀ိုင်းမော်မြို့နယ် သစ်တောများ တွင် တရားမ၀င် သစ်ခိုးမှုဖြင့် အစိုးရက တရားလိုပြုတရားစွဲဆို ထားသူများဖြစ်ပြီး ခုနစ်လခန့် စစ်ဆေးခဲ့သည့် သစ်ခိုးမှုကို အ မိန့်ချမှတ်မည့်နေ့ ဖြစ်သည်။ပြည်သူအများအပြား စိတ်ဝင်စားခဲ့သည့်အမှုဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးယူခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။


‘‘ဒီနေ့က အမိန့်ချမယ့်နေ့ဖြစ် လို့၊ လူကလည်းများလို့ ပြည်သူ တွေကလည်း ဒီအမှုကို စိတ်ဝင် စားလို့ ကျွန်တော်တို့ လုံခြုံရေးအ ပြည့်ယူထားရတာပါ’’ဟု မြစ်ကြီး နားမြို့ပေါ်တွင် တာဝန်ကျနေ သည့် ၀ိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။

လူစိတ်ဝင်စားသောအမှုကို မြစ်ကြီးနားတရားရုံးက(၁၉)ကြိမ် မြောက် ရုံးချိန်းတွင် အမိန့်ချမှတ် ရာ အများပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေးပုဒ်မ အပက(၃) ဖြင့် တရုတ်နိုင်ငံသား ၁၅၅ ဦးအ နက် ၁၅၃ ဦးကို တစ်သက်တစ် ကျွန်းထောင် ဒဏ်ချမှတ်လိုက်ပြီး ကျန်နှစ်ဦးမှာ အသက်မပြည့်သေးသောကြောင့် တရားသူကြီးက ထောင်ဒဏ် ဆယ်နှစ်စီချမှတ်လိုက်သည်။

‘‘၁၅၅ က တစ်သက်တစ် ကျွန်းပြစ်ဒဏ်ချမှတ်လိုက်တယ်။ ဟိုနှစ်ယောက်က လူငယ်ဖြစ်တဲ့ အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်တယ်’’ဟု မြစ်ကြီးနား ဒုတိ ယ ခရိုင်တရားသူကြီး ခရိုင်ပြန် ကြားရေး အရာရှိ ဦးမြင့်ဆွေက ပြောသည်။

ဆုံးဖြတ်ချက်သည် ဥပဒေ နှင့်အညီ ဆုံးဖြတ်ထားသည်ဖြစ် ၍ တရုတ်နှင့် မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေး ထိခိုက်နိုင်စရာအ ကြောင်းမရှိနိုင်ကြောင်းလည်းဆို သည်။ အဆိုပါပုဒ်မသည် အနိမ့် ဆုံးထောင်ဒဏ် ၁၀ နှစ်မှ အမြင့် ဆုံး တစ်သက်တစ်ကျွန်းထိ ချမှတ် နိုင်သည်။ တစ်သက်တစ်ကျွန်းမှာ ထောင်ဒဏ် နှစ် ၂၀ နှင့်ညီမျှသော ပြစ်ဒဏ်ဖြစ်သည်။

တရားဥပဒေနှင့်အညီ ဆုံး ဖြတ်ထားခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်ကို လက်မခံပါက အဆင့်ဆင့်အယူခံဝင်နိုင်ကြောင်း မြစ်ကြီးနားမြို့နယ်တရားသူကြီးက ပြောသည်။

သစ်ခိုးမှုတွင် ပါဝင်သော တရုတ်နိုင်ငံသားများက ဆန္ဒရှိပါ က အယူခံဝင်နိုင်ပြီး အယူခံဝင် ခြင်းရှိ၊ မရှိ အစိုးရက ရက်ပေါင်း ခြောက်ဆယ် စောင့်ဆိုင်းမည်ဖြစ်ပြီး စောင့်ဆိုင်းနေစဉ်အတွင်းမြစ်ကြီးနား ထောင်တွင် အကျဉ်းချထားမည်ဖြစ်သည်။

‘‘သူတို့ဆန္ဒရှိရင်တော့ အယူ ခံဆက်ဝင်လို့ရတယ်။ သူတို့ဘာ ဆက်လုပ်မယ်တော့ အခုထိမပြောသေးဘူး’’ ဟု တရုတ်နိုင်ငံ သားများဘက်မှ ရှေ့နေလိုက်ပေး သည့် ရှေ့နေဦးခင်မောင်ကဆို သည်။

သစ်ခိုးထုတ်မှုအပေါ် နိုင်ငံခြားသားကို ယခင်ပြစ်ဒဏ်ချဖူးခြင်းမရှိသောကြောင့် လူထုက စိတ်ဝင်စားခဲ့သည်။ ယခုအမှုသည် သစ်ခိုးထုတ်မှုအများအပြားလုပ်ကိုင်နေသောကချင်ပြည်နယ်တွင် ပထမဆုံးအမှုဖြစ်ပြီးယခင်က နိုင်ငံခြားသားအမြောက်အမြားကို အမိန့်ချမှတ်ခဲ့ခြင်းမရှိပေ။

‘‘သစ်လုပ်ကွက်က အကြီး ကြီး။ ဘယ်သူမှ တိတ်တိတ်ကလေးလာလုပ်လို့မရဘူး။ နယ်မြေခံစစ်တပ်ကတော့ မသိဘဲမနေဘူး။ ဖမ်းတော့ စစ်တပ်က ဖမ်းတယ်။ အခုအမိန့်ကလည်းအပြစ်ရှိပေမယ့် သစ်ခိုးထုတ်တဲ့သူတွေကို တစ်ခုမှ ပြစ်ဒဏ်မချဖူးဘူး။စစ်တပ်နဲ့ အစိုးရက အမှတ်ယူတာလား စဉ်းစားစရာပါ။ အဲဒါနဲ့ပတ်သက်ပြီး လူထုက အရမ်းကို စိတ်ဝင်တစားပြောဆိုခဲ့တာကိုး’’ဟုလူမှုဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်နေသူ ပေါင်းကူးအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သူက ပြောသည်။  ဇန်န၀ါရီမှစပြီး တရားစွဲဆိုခဲ့သော အဆိုပါအမှုကိုဇွန်လတွင် ပြီးစီးမည်ဖြစ်သော်လည်းသစ်ခိုးထုတ်မှုနှင့် တရားစွဲဆိုခံရသူ တရုတ်နိုင်ငံသား ၁၅၀ ကျော်က အပြစ်မရှိကြောင်း ငြင်းဆန်ခဲ့သဖြင့် အမှုကို ပြန်လည်စစ်ဆေးခဲ့ရသည်။

ဖမ်းဆီးခံ တရုတ်နိုင်ငံသား များက သစ်ခိုးထုတ်ခြင်းမဟုတ်ဘဲ အလည်လာခြင်းသာဖြစ်ကြောင်းအချို့ တရုတ်နိုင်ငံသားများက ငှက်ပျောခြံတွင် အလုပ်လုပ်ကိုင် ရန် လာရောက်ခြင်းဖြစ်ကြောင်း တရားရုံးသို့ ငြင်းဆိုလျှောက်ထား ခဲ့၍ အမှုကိုပြန်လည် စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

အဆိုပါအမှုတွဲတွင် ပါဝင် ပတ်သက်သူများနှင့် တရားလို များကို တရားရုံးက အပြန်အလှန် အပြီးသတ် နှစ်ဖက်ကြားနာစစ် ဆေးမှုသည် ဇူလိုင် ၁၃ ရက်တွင် ပြီးစီးခဲ့သည်။ မူလက ဇူလိုင် ၁၇ ရက်တွင် အမိန့်ချမှတ်ရန် ဖြစ် သော်လည်း စဉ်းစားရန်အချိန်လို အပ်မှုရှိနေ၍ တရားသူကြီးက ငါး ရက်နောက်ဆုတ်ခဲ့သည်။

‘‘တရားစီရင်ရေးမှာ နိုင်ငံ ရေးမပါတာတော့ အကောင်းဆုံး ပဲ။ အပြစ်ရှိတာမှန်ပေမယ့် ဒီလို အမိန့်ချမယ်လို့ မထင်ထားဘူး။ တရုတ်အစိုးရကတော့ တစ်ခုခု ပြောဆိုမယ်ထင်ပါတယ်။ သူတို့ အကျိုးစီးပွားလည်းရှိတော့မြန်မာ ကို ဖိအားတော့မပေးနိုင်ဘူး’’ဟု ဟောင်ကောင်တက္ကသိုလ် နိုင်ငံ ရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန မှ ပါရဂူဘွဲ့ကြို မစ္စDebby S.W. Chan က သူ၏ အမြင်ကို ပြော သည်။

အဆိုပါအမှုကို တရားစွဲဆို ရန် မြန်မာအစိုးရ စီစဉ်စဉ်က ပြစ် ဒဏ်သက်သက်ညှာညှာ ချမှတ် ရန် တရုတ်နိုင်ငံက မြန်မာအစိုးရ အား တောင်းဆိုခဲ့သည်။ ထို့ပြင် လ၀က ဥပဒေ တစ်ခုတည်းဖြင့်အရေးယူရန်  မြန်မာအစိုးရထံတောင်းဆိုခဲ့ဖူးသည်။

ယခုချမှတ်သည့် အဆိုပါ ပြစ်ဒဏ်နှင့်ပတ်သက်၍ လူထုက ကြိုဆိုခဲ့ကြပြီး ပြစ်ဒဏ်ကျသူများ ကို တရုတ်နိုင်ငံသို့ ပြန်လွှဲမည်ကို လည်း စိုးရိမ်လျက်ရှိသည်။

‘‘ရက်ပေါင်း ခြောက်ဆယ် တော့ မြစ်ကြီးနား တရားရုံးမှာ ချုပ်ထားမှာပါ။ ကျန်တာတော့ နှစ်နိုင်ငံ အချင်းချင်းလုပ်သွားပါ လိမ့်မယ်’’ ဟု ၀ိုင်းမော်မြို့နယ် သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့သည် သစ်လုံးတန် ချိန် ၄,၅၀၀ ကျော်ဖြင့် ၀ိုင်းမော် မြို့နယ် ၀ါရှောင်၊ မံဝိန်း၊ဆီနီကူး၊ မံတောင်၊ လောခွန်ယွန်၊ ဆဒုံး သစ်လုပ်ကွက်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် သစ်များကို ကာလပေါက်ဈေးနှင့်တွက်ချက် ပါက အမေရိကန်ဒေါ်လာ သန်း ခြောက်ဆယ်ကျော်ရရှိနိုင်သည် ဟုဆိုသည်။

တရားမ၀င်သစ်များနှင့်အ တူ စက်ယန္တရားယာဉ်များ၊ မူး ယစ်ဆေးဝါး၊ တရုတ်ယွမ်ငွေများ ကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဖမ်းဆီးရမိသူများ သည် တရားမ၀င် နေထိုင်မှုဖြင့် လ၀က ဥပဒေဖြင့် ကျခံနေသည့် ပြစ်ဒဏ်သည် ပြီးခဲ့သည့်လက ရက်စေ့ခဲ့ပြီဖြစ်သည်။

အမိန့်ချသောနေ့တွင်တရား စွဲဆိုခံထားရသည့် တရုတ်နိုင်ငံ သားများ၏ ဆွေမျိုးများလည်း လာရောက်ခဲ့ကြသည်။ တရားသူ ကြီးက အမိန့်ချမှတ်အပြီးနောက် တွင် ၎င်းတို့သည် မျက်နှာမပျက် ဘဲ အချို့မှာ ခပ်ပြုံးပြုံးပင်ထောင် ကြီးထဲသို့ ပြန်သွားကြသည်။

No comments:

Post a Comment