Friday, August 28, 2015

ရန်ကုန်မြို့သစ် စီမံကိန်းအတွင်းရှိ မြေများ ကာလပေါက်ဈေးအတိုင်း လျော်မည်


ရန်ကုန်မြို့သစ် စီမံကိန်းကြောင့် မြေသိမ်း ဆည်းခံရသူများကို ကာလပေါက်ဈေး တန်ဖိုးအတိုင်း လျော်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မဲ ဆန္ဒနယ်မြေမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က The Messenger Media သို့ ပြောသည်။
“မြို့တော်ဝန်ကြီးက တရားဝင် ပြောထားတာတော့ သမ္မတကြီးရဲ့ လမ်းညွှန်ချက်နဲ့ မြို့သစ်ဖော်တာကြောင့် လယ်မြေသိမ်းဆည်း ခံရတဲ့သူတွေကို ကာလပေါက်ဈေး အတိုင်း ပေးလျော်မယ်လို့ ပြောထားတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်မည့် မြေဧရိယာမှာ ဧကပေါင်း (၃၀၀၀၀) နီးပါးရှိပြီး ဒေသခံများ၏ လယ်ယာမြေများကို သိမ်းဆည်းရမည် ဖြစ်သည်။
ယင်းကဲ့သို့ သိမ်းဆည်းခံရမည့် ဒေသခံများ နစ်နာမှု မရှိစေရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် ဒေသခံများ တိုက်ရိုက် တွေ့ဆုံညှိနှိုင်းကာနစ်နာကြေးများ ပေးလျော်သွားမည် ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှဆောက်လုပ်ရေး ၀န်ကြီးက ပြောကြားထားသည်။

“ကာလပေါက်ဈေးနဲ့ ပေးတာပဲဖြစ်ဖြစ်၊ မိသားစု နေရေးထိုင်ရေး အတွက် အစဉ်ပြေအောင် လုပ်ပေးတာပဲဖြစ်ဖြစ် လက်ခံပါတယ်။ ဒီလိုမဟုတ်ဘဲ မဖြစ်စလောက်ဈေးနဲ့ဆို လက်မခံပါဘူး”ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဝမ်ကျပ်က ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်း လှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား မြေဧရိယာခန့်မှန်း (၃၀၀၀၀) ဧကခန့်တွင် ဆောင်ရွက်မည် ဖြစ်ပြီး၊ လက်ရှိမြေတစ်ဧကလျှင် ကျပ်သိန်း (၂၀၀) ၀န်းကျင် ပေါက်ဈေး ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိစီမံကိန်း ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများထံ တင်ဒါခေါ်ယူထားပြီး၊ တင်ဒါရွေးချယ်မှုကို လာမည့် စက်တင်ဘာလ(၂၂)ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါမြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ခံမှု၊ တာဝန်ယူမှုတို့ အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တည်ဆဲဥပဒေတို့နှင့်အညီစီမံဆောင်ရွက်သွားမည်
ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင်
ဆောက်လုပ်ရေး ၀န်ကြီးက ပြောကြားထားသည်။

Credit: Messenger

No comments:

Post a Comment