Thursday, August 27, 2015

ငရုတ်သီးဘူးလေးဆောင်ပါ


မကြာသေးမီက ရန်ကုန်မြို့     လမ်းလယ် ကောင်တွင် အမျိုး သမီးလေးတစ်ဦးကို အခြားအမျိုး သမီးနှစ်ဦးက ဓားထောက်လု ယက်ခဲ့သည့်သတင်းက မြန်မာ တွေအကြားက ဆိုရှယ်အင်တာ နက်စာမျက်နှာတွေမှာ အုတ် အော်သောင်းတင်းဖြစ်သွားသည်။မရှေးမနှောင်းမှာပဲ ကားမောင်း လာသူမိန်းကလေးတစ်ဦးကို အမျိုးသားတစ်ဦးက မီးပွိုင့်မိစဉ် ကားတံခါးဖွင့်ဝင်ဖို့    ကြိုးစား သည့်သတင်းကိုလည်း ကြားရပြန်သည်။ထို့အပြင် ဘတ်စ်ကားပေါ် မှာ မိန်းကလေးတစ်ဦးကို အကာ အကွယ်ယူပြီး အသားယူဖို့ကြံ စည်သူအမျိုးသားတစ်ဦးကို အခြားမိန်းကလေးတစ်ဦးက လက်တုံ့ပြန်ဖြေရှင်းလိုက်သည့် သတင်းကိုလည်းတွေ့ရသည်။


အမျိုးသမီးများအကြမ်းဖက် ခံရခြင်း၊ ထိကပါးရိကပါး အစော် ကားခံရသည့်သတင်းများက နေရာတိုင်းမှာ၊ နိုင်ငံတိုင်းမှာ နေ့စဉ်ကြားနေကျသတင်းဖြစ်၏။ ဥပဒေစိုးမိုးမှုရှိသည့်နိုင်ငံများတွင်တစ်ခါတစ်ရံမှသာ ဖြစ်ပွားပြီး ဥပဒေစိုးမိုးမှုမရှိသည့်နိုင်ငံများ၌ ဖြစ်ပွားမှုပိုများသည်။

လက်ရှိတွင် မြန်မာ၏ အိမ် နီးချင်းအိန္ဒိယနိုင်ငံမှာဆိုလျှင် ထိုကဲ့သို့အမျိုးသမီးများ မတရား စော်ကားခံရသည့်သတင်းများ ကြောင့် တိုင်းပြည်၏ တည်ငြိမ် ရေးနှင့်ဂုဏ်သိက္ခာပါ ထိခိုက်လာ နေပြီး အပြင်းအထန်ကြိုးစား ကာကွယ်မှုများဆောင်ရွက်နေ ကြရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားလာ သည့် အမျိုးသမီးများအကြမ်းဖက် ခံရမှုများနှင့်ပတ်သက်၍ မြန်မာ ရဲမှူးကြီးတစ်ဦးက မကြာသေး မီက မှတ်ချက်ပေးရာထိုကဲ့သို့အကြမ်းဖက်မှုများမဖြစ်အောင် အမျိုးသမီးများကလည်း လုံလုံခြုံခြုံ ဝတ်စားဆင်ယင်သင့်သည် ဟုဆိုသည်။ သို့သော် နိုင်ငံတကာမှာတော့ သည်အချက်က ထိရောက်သောဖြေရှင်းနည်း မဟုတ်ပါ။ အမျိုးသမီးများသာ မက နိုင်ငံသားများ မည်သူမဆို အနိုင်ကျင့်စော်ကားအကြမ်းဖက် မခံရစေရန် အရေးကြီးဆုံးနည်း မှာ တိုင်းပြည်တွင် တရားဥပဒေစိုးမိုးခြင်းနှင့် နိုင်ငံသားများ တရားဥပဒေကို လေးစားလိုက်နာခြင်း ဖြစ်သည်။

‘‘အမေရိကမှာဆိုရင် မိန်း ကလေးတွေ တစ်ယောက်တည်း သွားသွား၊ အုပ်စုလိုက်သွားသွား နှောင့်ယှက်မှုမရှိဘူး။ သမီးတို့ကို ကြောက်လို့တော့မဟုတ်ဘူး။ ဥပဒေအရ    ကာကွယ်ပေးထား တယ်။ ဥပမာ သမီးနားကိုကပ် လာလို့ သမီးကရဲကိုခေါ်လိုက်ရင် ချက်ချင်းရဲကရောက်လာမယ်။  ဖမ်းချုပ်အရေးယူတယ်။ အပြစ် ပေးတယ်။ အပြစ်ပေးပြီးရင် လည်း သူ့ရဲ့မှတ်တမ်းမှာ သည် ပြစ်မှုက တစ်သက်လုံးပါသွားပြီ။ သူ့အတွက် အလုပ်လျှောက်တာ၊ အိမ်ဝယ်၊ ကားဝယ်ကအစ မှတ် ပုံတင်ကိုစစ်ရင် ဒီအချက်ကိုတွေ့ တော့ တစ်ဘဝလုံးအဆင်မပြေ တော့ဘူး။ ဒီလိုအရေးယူထား တော့ မြန်မာမှာလို ထိကပါးရိ ကပါး လှမ်းအော်တာတောင် မလုပ်ရဲဘူး’’

အမေရိကန်နိုင်ငံ  အရီဇိုး နားပြည်နယ် ဖီနစ်တက္ကသိုလ်တွင် ပညာသင်ကြားနေသော ချိုက ပြောသည်။ အမျိုးသမီးများအနေဖြင့် မတရားထိပါးနှောင့်ယှက်ခံရခြင်းသည် လျှပ်ပေါ်လော်လည်စွာဝတ်စားဆင်ယင်မှုထက် တရားဥပဒေ စိုးမိုးမှုမရှိခြင်းကြောင့်သာဖြစ်သည်ဆိုတာကို ထင်ရှားသည့် သာဓကတစ်ခုလည်းရှိသည်။ ဥရောပနိုင်ငံတစ်ခုဖြစ်သည့် ဂျာ မနီတွင် တစ်ကိုယ်လုံးချွတ်ပြီး ရေကူးသူများရှိသော ကမ်းခြေ များအများအပြားရှိသည်။

ဂျာမနီမြို့တော် ဘာလင်မှာ စနေ၊ တနင်္ဂနွေနေ့များတွင် ပန်းခြံ ရေကန်များ၌  အပေါ်ပိုင်းဗလာ ကျင်းဖြင့် နေပူစာခံနေသည့်အမျိုး သမီးကြီးငယ်များကိုတွေ့နိုင် သည်။ သူတို့ကို မည်သူမှနှောင့် ယှက်ခြင်း၊ အနိုင်ကျင့်ခြင်းမရှိ ကြ။ အဘယ်ကြောင့်ဆိုသော သည်အမျိုးသမီးများကို သွား နှောင့်ယှက်ပါက ကြီးလေးသော အပြစ်ဒဏ်ခံရမည်ဆိုတာကို အမျိုးသားများက သဘောပေါက် သည့်အတွက်ဖြစ်ပါ၏။

ထိုနည်းအတူ မြန်မာ၏ အိမ် နီးနားချင်း အာရှနိုင်ငံဖြစ်သော အိန္ဒိယမှာ ယဉ်ကျေးမှုအရ အမျိုး သမီးများသည် လုံခြုံစွာဝတ်စား ဆင်ယင်ကြသည်။ အချို့ဆိုလျှင် အိမ်တွင်းက အိမ်ပြင်မထွက်သော အိမ်တွင်းပုန်းများဖြစ်သည်။ သို့သော် အမျိုးသမီးအနိုင်ကျင့် ခံရမှုအများဆုံးနိုင်ငံအဖြစ် အိန္ဒိယသည် ကမ္ဘာမှာနာမည်ပျက်နေ သည်။ အိန္ဒိယအစိုးရ၏ တရားဝင် ကိန်းဂဏန်းများအရ ၂၀၁၂ တစ် နှစ်တည်းမှာပင် တစ်နိုင်ငံလုံး၌ မုဒိမ်းမှုပေါင်း ၂၄,၉၂၃ မှုဖြစ်ပွား ခဲ့သည်ဟုဆိုသည်။

သို့သော် မည်သည့်နိုင်ငံပင် ဖြစ်ပါစေ အမျိုးသမီးများအနေ ဖြင့် အခြေအနေမရွေး၊  အချိန် မရွေး လိင်ပိုင်းဆိုင်ရာစော်ကားမှု များခံရနိုင်သည်။ သည်အချက်ကို သဘောပေါက်ပြီး အမျိုးသမီးများ ကလည်း ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်စောင့်ရှောက်ရန် ပြင် ဆင်ထားသင့်သည်။ မြန်မာနိုင်ငံတွင် အချို့သောအမျိုးသမီးများ ၏ မလိုအပ်ဘဲ အရှက်အကြောက် ကြီးခြင်းက အခြေအနေကို ပိုဆိုး စေသည်ကိုဆိုတာလည်းသိသင့် သည်။

‘‘တစ်ခါက ဒဂုံတက္ကသိုလ် သွားတဲ့ကားပေါ်မှာ လက်သရမ်း တဲ့လူက မိန်းကလေးတွေကို ကားကျပ်တုန်းအခွင့်ကောင်းယူ စော်ကားတယ်။ အဲဒီမှာ ကျောင်း သူမိန်းကလေးတွေက ငိုပြီးဆင်း ပြေးတယ်။ လုပ်တဲ့သူကိုမဖော် ထုတ်ရဲကြဘူး’’ဟု အသက် (၂၅) နှစ်အရွယ် မအေးအေးမျိုးက သူ ကြုံခဲ့ရသည်ကိုပြောပြသည်။

အမေရိကန်နိုင်ငံဝါရှင်တန် ဒီစီမြို့ရှိ လူကျပ်တတ်သောမြေ အောက်ရထားများတွင် ရုပ်ပုံများ ဖြင့်    အမျိုးသမီးများအနေဖြင့် ကိုယ့်ကိုအနိုင်ကျင့်စော်ကားသူကို ဖော်ထုတ်ရန် အားပေးသော ဆောင်ပုဒ်များ နေရာအနှံ့ကပ် ထားသည်။ ‘စော်ကားခံရတာ ရှက်စရာမဟုတ်၊ ‘စော်ကားသူ သာလျှင် ရှက်စရာ’ ‘လိင်ပိုင်းဆိုင် ရာစော်ကားမှုခံရပါက ဖုန်းနံပါတ် .....သို့ ချက်ချင်းတိုင်ကြားပါ’ စသည့် ဆောင်ပုဒ်များဖြစ်သည်။

ယနေ့ခေတ်သည် အမျိုး သမီး၊ အမျိုးသားအားလုံး အလုပ် လုပ်နေကြရသည်။ မတရား အနိုင်ကျင့်ခံရမှာစိုးရိမ်ပြီး ရှောင် ရှားနေ၍မရ။ ညဥ့်နက်သန်းခေါင် ရှောင်ပြီးနေလို့ရသည့်ကာလ မဟုတ်တော့။ ထို့ကြောင့် အပြင် ထွက် ညဘက်အလုပ်လုပ်ရ သော အမျိုးသမီးများ၊ ကျောင်းသူ များအတွက် လုံခြုံရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက် အလက်များကို အမျိုးသမီးလုံခြုံ ရေးကျွမ်းကျင်သူများက ထုတ် ပြန်ထားသည်။ အဆိုပါအချက် များမှာ -

(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ။ အခြေအနေကို အမြဲတမ်း အကင်းပါးစွာအကဲခတ်နိုးကြားမှု ရှိပါ။ အမျိုးသမီးများသည် ပင် ကိုသဘာဝအရ ဖြတ်ထိုးဉာဏ် ကောင်းသည်။ သည်အချက်ကို အသုံးချပြီး အခြေအနေကောင်း၊ မကောင်းလေ့လာအကဲခတ်ပါ။

(၂) အန္တရာယ်ရှိသော၊ လူပြတ် သောနေရာများကိုရှောင်ရှားပါ။ ပတ်ဝန်းကျင်ကလူများ၏ အနေ အထားမကောင်းလျှင် ထိုနေရာ ကိုရှောင်ပါ။

(၃) ‘ကျွန်မကိုအဲဒီလိုမလုပ်ပါနဲ့ရှင့်’ဟုအော်မည့်အစား ‘ထွက်သွား၊ ငါ့နားမလာနဲ့’ဟု မာန်ပြင်းပြင်းအော်ပါ။ တစ်ခါတစ်ရံ အသံ တင်းမာမှုက လူဆိုးကိုတန့်စေ သည်။

(၄) စိတ်ဆိုးမာန်ဆိုးတုံ့ပြန်သည် မှန်သော်လည်း ထိန်းထိန်းသိမ်း သိမ်းဆင်ခြင်လုပ်ပါ။ စိတ်လက် မာန်ပါမလုပ်ပါနဲ့။ ကိုယ်က ခုခံ ကာကွယ်မှုတစ်ခုခုလုပ်ပြီးလျှင် အခြေအနေကို    အကဲခတ်ပြီး ထွက်ပြေးပါ။

(၅) ကန်ကျောက်ရိုက်နှက်တာမျိုး အခွင့်သာပါကလုပ်ပါ။

(၆) ကိုယ်ဘယ်ကိုရောက်နေ ကြောင်း သူငယ်ချင်း၊ မိသားစု၊ အခန်းဖော်ကို အမြဲတမ်းဖုန်းမက် ဆေ့ခ်ျပို့    အကြောင်းကြားပါ။ ဥပမာ ကားပေါ်မှာဘယ်ကိုသွား နေသည် စသည်ဖြင့်။

(၇) အကူအညီတောင်းရန်အော် သည့်အခါလည်း ထိထိရောက် ရောက်အော်ပါ။ ‘နင်ငါ့ကိုဘာ လုပ်တာလဲ’ဆိုသည့် ပုံစံမျိုး မအော်ပါနှင့်။ အချို့လမ်းသွား လမ်းလာများက အချင်းချင်းရန် ဖြစ်နေသည်ထင်ပါလိမ့်မည်။ ‘သူခိုး၊  အနိုင်ကျင့်စော်ကားတဲ့ ကောင် သေစမ်း’ဟု ခပ်ပြင်းပြင်းစကားလုံးများ ပြောပြီးအော်ပါ။

(၈) လက်လွယ်ပေါ့ပါးသည့်၊ ရာဇဝတ်မှုလည်းမမြောက်သည့် အသုံးအဆောင်များကို လက်နက် အဖြစ်ဆောင်ထားပါ။ ခဲတံလို မျိုး၊ ကားသော့ခပ်ကြီးကြီး၊ ရေ အပြည့်ပါသောရေဘူး စသည်တို့ ဖြစ်သည်။

ယခုနှစ်များမှာတော့ အမျိုး သမီးများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက်သုံးရသည့် ငရုတ်သီးစပရေးဖျန်းဆေးဘူးများခေတ်စားလာသည်။ အမေရိက တွင်မူ ငရုတ်သီးဘူးတစ်ဘူးလျှင်ပေါ့ပေါ့ပါးပါးသယ်နိုင်အောင်ပြု လုပ်ထားပြီး စတိုးဆိုင်များတွင် ဝယ်လို့ရသည်။ ငရုတ်စပရေးကို ငရုတ်သီးအစပ်အပူကနေထုတ် လုပ်ထားပြီး အသေးတစ်ဘူးကို ဆယ်ဒေါ်လာဝန်းကျင်ပေးရ သည်။ တစ်ယောက်ယောက်က ကိုယ့်ကိုနှောင့်ယှက်လာပါလျှင် စပရေးဘူးဖြင့် မျက်နှာကိုဖျန်း လိုက်ရုံပင်ဖြစ်သည်။ ဖျန်းခံရသူ မှာ မျက်ရည်ယိုဗုံးမှန်သလို ခဏ တာပူလောင်မှုကိုခံစားရမည်။ သို့သော် ငရုတ်သီးစပရေးဘူး အပါအဝင် လက်နက်များကို ဆောင်ထားပြီး အသုံးပြုမည်ဆိုပါ က မသုံးမီ ကိုယ့်ဘာသာ ကျင်လည်စွာသုံးတတ်ဖို့ စမ်းသပ်ရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးဆိုင်ရာ ရာဇဝတ်မှုခင်းများတွင် ငရုတ်သီးစပရေးဘူးတစ်ခါမှ မသုံးစွဲဘူးသောအမျိုးသမီးများကို ကိုယ်သုံးသည့်လက်နက်ဖြင့် ကိုယ့်ကိုပင် လူဆိုးကပြန်လည် ဒုက္ခပေးသွားသည့်သာဓကများရှိသည့် အတွက်ဖြစ်သည်။

ထားထားမြင့်

No comments:

Post a Comment