Monday, October 12, 2015

၁၀ တန်းကျောင်းသူကို တို့ဆေးဖြင့် ခေါ်ဆောင်သွားမှု သက်ဆိုင်ရာကျောင်း ငြင်းဆို

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ၁၀ တန်း ကျောင်းသူတစ်ဦးကို ကျောင်းဝင်းထဲက တို့ဆေးဖြင့် ခေါ်ဆောင်သွားသည်မှာ မဟုတ်မှန်ဘဲ ယင်းကျောင်းသူကိုယ်တိုင် မိမိသဘောဖြင့် ကျောင်းဝင်းပြင်ပသို့ ထွက်သွားခြင်းသာ ဖြစ်ကြောင်း အဆိုပါကျောင်းမှ အထက်တန်းပြ ဆရာများက ပြောဆိုသည်။
အောက်တိုဘာ ၇ ရက်၊ နံနက် ၆ နာရီခွဲခန့်က အသက် ၁၆ နှစ်အရွယ် ကျောင်းသူကို မိဘများက ကျောင်းရှေ့သို့ လိုက်ပို့ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းသူမှာ ကျောင်းဝင်းပြင်ပသို့ ထွက်ခွာပြီး မိမိသဘောဖြင့် ကျောင်းမတက်ခဲ့သည်ကို တို့ဆေးမိကာ အပြင်သို့ ရောက်နေသည်ဟု မိဘများကို လိမ်လည်ပြောကြားခဲ့သဖြင့် မိဘများက စခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျောင်းမှ အထက်တန်းပြ ဆရာမတစ်ဦးက ရှင်းလင်းပြောကြားသည်။

“သူ့မိဘတွေကို တို့ဆေးမိတယ်ဆိုပြီး ပြောတာ မိဘတွေက အမှန်ထင်ပြီး စခန်းမှာ အမှုဖွင့်တာ၊ ကျောင်းသူကိုယ်တိုင်က ကျောင်းမတက်ခဲ့တာပါ၊ ကျောင်းဝင်းထဲကိုဝင်ပြီး တို့ဆေးနဲ့ ခေါ်သွားတယ် ဆိုတာမျိုး မဟုတ်ပါဘူး” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ခန့် ပညာသင်ကြားလျက် ရှိပြီး၊ ကျောင်းသားများ ဘေးကင်းလုံခြုံရေးအတွက် ကျောင်းတက်ကျောင်းဆင်းချိန်တွင် ကျောင်းပတ်ဝန်းကျင်နှင့် ဂိတ်ပေါက်ဝတို့တွင် ဆရာ၊ ဆရာမ ခြောက်ဦးခန့် လုံခြုံရေး ဆောင်ရွက်ကြောင်း၊ ကျောင်းဝင်းထဲသို့ မိဘများ ဝင်ရောက်လိုပါက သေချာစိစစ်ကာ အဝင်အထွက် လက်မှတ်ရေးထိုးစေကြောင်း ယင်းကျောင်းထံမှ သိရသည်။
မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် ၁၀ တန်း ကျောင်းသူမှာ အောက်တိုဘာလ ၇ ရက်၊ နံနက် ၆ နာရီခွဲက ၎င်း၏ မိဘများနှင့်အတူ ကျောင်းပေါက်ဝသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် တစ်ဦးတည်း စာသင်ခန်းသို့ လမ်းလျှောက်သွားစဉ် ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦးက လက်ဆွဲကာ အတူလိုက်ခဲ့ရန် ခေါ်ဆောင်ရာ လိုက်ပါသွားခဲ့ပြီး သတိရချိန်တွင် ဘုရင့်နောင်လမ်းဘေးရှိ ဆီဆိုင်အနီးသို့ ရောက်ရှိနေသည်ကို သိခဲ့ရကြောင်းကို ကျောင်းသူက မိဘများထံ ပြောခဲ့သောကြောင့် မိဘများက မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါအမှုမှာ ကျောင်းသူ ကျောင်းမတက်ခဲ့သည်ကို တို့ဆေးဖြင့် ခေါ်ဆောင်ခြင်း ခံရသည်ဟု မိဘများကို ပြောဆိုခဲ့သဖြင့် မိဘများက ဖြားယောင်းသွေးဆောင်မှုဖြင့် အမှုဖွင့်ထားမှုကို အမှုပြန်လည် ပိတ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျောင်းသူ ခေါ်ဆောင်ခံရမှုနှင့် ပတ်သက်၍ ၎င်း၏ ဖခင်ကို မေးမြန်းရာ မည်သို့မျှ လုပ်စရာ မရှိသောကြောင့် မည်သည်ကိုမျှ မပြောချင်ကြောင်း ဖြေကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ စာသင်ကျောင်းများနှင့် ကျူရှင်များမှ အပြန်တွင် ပျောက်ဆုံးခဲ့သော ကျောင်းသားကျောင်းသူ ၅၅ ဦးထိ ရှိခဲ့ပြီး ၃၅ ဦးကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

No comments:

Post a Comment