Thursday, November 5, 2015

အမေရိကန် သမ္မတတစ်ဦး အနေဖြင့် လာအိုသို့ ပထမဆုံးအကြိမ် သွားရောက်ရန် အိုဘားမား စီစဉ်

အမေရိကန် သမ္မတ တစ်ဦးအနေဖြင့် လာအိုသို့ ပထမဆုံးအကြိမ် သွားရောက်ရန် ဘာရတ် အိုဘားမားက စီစဉ်နေကြောင်း သိရှိရသည်။လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ညီလာခံ တစ်ခုသို့ တက်ရောက်ရာ၌ လာအိုသို့ အိုဘားမား သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ထိပ်တန်း အကြံပေး တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ဆင်းရဲနွမ်းပါးသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စီးပွားရေးအရ တရိပ်ရိပ် တိုးတက်လာနေသည့် အရှေ့တောင်အာရှ နိုင်ငံတွင် အာဆီယံ ညီလာခံ ကျင်းပရာ၌ အိုဘားမား တက်ရောက်မည် ဖြစ်သည်။ ဗီယက်နမ် စစ်ပွဲကာလ အတွင်းတွင် လာအိုသည် အမေရိကန်၏ ဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရဖူးပြီး မည်သည့် အမေရိကန် သမ္မတကမျှ အဆိုပါ နိုင်ငံသို့ သွားရောက်ခဲ့ဖူးခြင်း မရှိချေ။


အမေရိကန် သမ္မတ၏ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဘန်ရုဒ်စ်က လာအိုသို့ မိမိ မကြာသေးမီက သွားရောက်ခဲ့သည့် ခရီးစဉ်သည် ၂၀၁၆ ခုနှစ်တွင် အာဆီယံ၏ အလှည့်ကျ သဘာပတိ တာဝန်ယူကာ ညီလာခံ ကျင်းပမည့် နိုင်ငံသို့ သမ္မတ အိုဘားမား သွားရောက်ရန် အစီအစဉ်နှင့် ဆက်နွှယ်ကြောင်း ပြောကြားခဲ့သည်။

အိုဘားမားသည် ယခုလကုန်ပိုင်းတွင် မလေးရှားသို့ သွားရောက်ကာ အာဆီယံ ညီလာခံ တက်ရောက်ရန်လည်း စီစဉ်ထားသည်။ အမေရိကန်နှင့် လာအိုတို့ကြားတွင် ခါးသီးသည့် အတိတ်မျိုး ရှိခဲ့သည့်တိုင် အိုဘားမား၏ အစိုးရသည် လက်ရှိအချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်သွားရန် လိုလားကြောင်းလည်း ရုဒ်စ်က ဆိုသည်။

ဗီယက်နမ် ပြည်တွင်းစစ် ကာလအတွင်း ၁၉၆၄ မှ ၁၉၇၃ ခုနှစ်အထိတွင် မြောက်ဗီယက်နမ် တပ်များ၏ ထောက်ပံ့ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန်အတွက် လာအိုနိုင်ငံအတွင်းတွင် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၈၀၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဗုံးအရေအတွက် စုစုပေါင်း တန်ချိန် ၂ သန်းကျော် ကျရောက်စေခဲ့သည်။ ယင်းတို့အနက် ၃၀ ရာခိုင်နှုန်းခန့်သည် မပေါက်ကွဲဘဲ ကျန်ရှိနေဆဲ ဖြစ်သည်။

အိုဘားမား သမ္မတ ဖြစ်လာချိန်တွင် အမေရိကန်သည် အရှေ့တောင်အာရှ ဒေသမှ လာအို၊ ဗီယက်နမ်၊ မြန်မာနိုင်ငံများနှင့် ဆက်ဆံရေးကို သိသိသာသာ တိုးမြှင့်လာနိုင်ခဲ့သည်။

Ref: CNA

No comments:

Post a Comment