Friday, November 6, 2015

ရုရှားလေယာဉ် ပျက်ကျခြင်းသည် ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ဟုဆို

အီဂျစ်ပိုင် ဆီနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရုရှား ခရီးသည်တင် လေယာဉ်သည် ဗုံးပေါက်ကွဲမှု တစ်ခုကို တွေ့ကြုံခဲ့ခြင်း ဖြစ်နိုင်သည့် အထောက်အထားအချို့ တွေ့ရှိလာကြောင်း သိရသည်။
အမေရိကန်နှင့် ဗြိတိန် ထောက်လှမ်းရေး ဌာနများက ခရီးသည် ၂၂၄ ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ် ကိုယ်ထည် အတွင်းပိုင်းမှ ပေါက်ကွဲထွက်လာသည်ဟု ယုံကြည်ရသည့် အခြေအနေများ ရှိနေကြောင်း ဆိုသည်။ပြီးခဲ့သည့် သီတင်းပတ်ကုန်က Airbus 321 အမျိုးအစား လေယာဉ်သည် အီဂျစ်ရှိ ရှမ်အယ်လ်ရှိတ်ခ် အပန်းဖြေစခန်းမြို့မှ ပျံတက်လာပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ဆီနိုင်းတွင် လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက လေယာဉ်ကို ပစ်ချခဲ့ခြင်းဟု ကြေညာသော်လည်း ယင်းကို ရုရှား စုံစမ်းရေး အရာရှိများက ပယ်ချထားသည်။


သို့သော်လည်း လေယာဉ်မှာ လေထဲတွင်ပင် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲလွင့်စင် ထွက်သွားခြင်းကမူ ခေါင်းခြောက်စရာ ဖြစ်နေသည်။ ခေတ်သစ် ခရီးသည်တင် လေယာဉ်များတွင် ဒုံးကျည်ထိမှန်ခြင်း၊ ဗုံးပေါက်ကွဲခြင်းတို့သာ မဖြစ်ပါက ယင်းကဲ့သို့ ကိုယ်ထည် အစိတ်အစိတ်အမွှာမွှာ ကွဲထွက်မသွားနိုင်ချေ။

ဗြိတိန်နှင့် အမေရိကန် ထောက်လှမ်းရေး ရင်းမြစ်အချို့က လေယာဉ်ပေါ်တွင် ဗုံးတစ်လုံး တင်ဆောင်လာမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်းဟု ယူဆရကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အခိုင်အမာ ကောက်ချက်ချနိုင်လောက်အောင် အထောက်အထား အစုံအလင် မသိရသေးဟုလည်း ဆိုသည်။

ရုရှားမှ ပညာရှင်များကမူ လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောတွင် အတိအကျ မှတ်ချက်ပေးရန် စောလွန်းနေဆဲဟု ပြောကြားထားသည်။

Ref: CNN

No comments:

Post a Comment