Sunday, November 29, 2015

အင်န်အယ်လ်ဒီ ကမ်းလှမ်းလာပါက ဖက်ဒရယ်မူဖြင့်သာ စကားပြောမည်ဟု ဦးခွန်ထွန်းဦးပြောကြား

အစိုးရသစ်ဖြစ်လာ မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကသာ ကမ်းလှမ်းလာပါက စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေး မူဝါဒ ပေါ်တွင်သာ ရပ်တည်၍ စကားပြော မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၏ ၂၀၁၅ ရွေးကောက်ပွဲပြန်လည် သုံးသပ်ခြင်းအစည်းအဝေး၌ ရွေးကောက်ပွဲ ၀င်ပြိုင်ခဲ့သည့် ပါတီ ကိုယ်စားလှယ်လောင်း အားလုံးကို ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

‘‘အကယ်၍များ အင်န် အယ်လ်ဒီက ကမ်းလှမ်းလာခဲ့ရင် ဒီမူဘောင်နဲ့ပဲ စကားပြောမယ်။ ဒီ မူဘောင်ပေါ်မှာပဲ ရပ်တည်မယ်။ ရှမ်းပြည်အတွက် ရှမ်းလူမျိုးတွေ အတွက် လုံးဝလျှော့မှာ မဟုတ်ပါ ဘူး’’ဟု ဦးခွန်ထွန်းဦးကပြောသည်။

၁၉၉၀ ကတည်း က SNLD စွဲကိုင်ခဲ့သော တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ကို ဆက်လက် ကိုင်စွဲသွားမည့် အဓိပ္ပာယ်လည်း ဖြစ်သည်။

စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ရာ တပ်မတော် ၏ သဘောဆန္ဒက အရေးကြီး လာသည်။

‘‘ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အပေါ် ဘယ်လောက်အထိ ပြောနိုင်မလဲ။ စည်းရုံးနိုင်မလဲဆိုတာ အဓိကပဲ’’ဟု ဦးခွန်ထွန်းဦးက 7Day Dailyအားပြောကြားသည်။

အင်န်အယ်လ်ဒီနှင့် ဆွေးနွေးပြီးပါက လူငယ်များကို နေရာပေး သွားမည်ဖြစ်ကြောင်းလည်း ဦးခွန်ထွန်းဦးက ပြောသည်။

ကျောက်မဲမြို့တွင် SNLD ၏ ရွေးကောက်ပွဲပြန်လည်သုံးသပ် ခြင်း အစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်ထိ ပြုလုပ်နေပြီး ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းအားလုံး အပါအ၀င် ပါတီဝင်ပေါင်း နှစ်ရာကျော် တက်ရောက်ကြသည်။ အဆိုပါ အစည်းအဝေးတွင် ရွေးကောက်ပွဲကုန်ကျစရိတ်အတွက်စာရင်းရှင်းတမ်းပါ တစ် ပြိုင်တည်းပြုလုပ်မည် ဖြစ်သည်။

ရွေးကောက်ပွဲကို ပြန်လည် သုံးသပ်ရာတွင် SNLD ခေါင်း ဆောင်များသည် ၎င်းတို့၏ ၁၉၉၀ ကတည်းက မဟာမိတ်ဖြစ်သော အင်န်အယ်လ်ဒီပါတီ၏ အောင် မြင်မှုကို သုံးသပ်ခဲ့ကြသည်။

‘‘တစ်တိုင်းပြည်လုံး အင်န် အယ်လ်ဒီ ဆူနာမီမိသွားတယ်။ ကျွန်တော်တို့ထဲကတောင် တစ် ၀က်လောက်ပါသွားတယ်’’ဟု SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

SNLD ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခြင်း ရည်ရွယ် ချက်မှာ ပြည်ထောင်စုလွှတ်တော် တွင် ဒီမိုကရေစီအင်အားစုများကို အားဖြည့်ပေးရန်နှင့် ပြည်နယ် လွှတ်တော်အတွင်းမှ ပြည်နယ် အစိုးရကို ထိန်းကျောင်းရန် ဖြစ် သည်။ သို့သော် ပြည်ထောင်စု လွှတ်တော်တွင် အင်န်အယ်လ်ဒီ က ၈၀ ရာခိုင်နှုန်းခန့် နေရာရ သွားသဖြင့် အားဖြည့်ပေးရန် မလိုတော့ပေ။ ယင်းအပြင် ပြည်နယ် လွှတ်တော်တွင်လည်း မျှော်မှန်း ထားသလောက် အနိုင်မရသဖြင့် SNLD ခေါင်းဆောင်ပိုင်းအနေ ဖြင့် ရွေးကောက်ပွဲအလွန်ကာလ အတွက် ဗဟိုကော်မတီ အစည်း အဝေးများ ကျင်းပကာ ပါတီ၏ ရှေ့ခရီးအတွက် သုံးသပ်မည်ဖြစ် ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော် တွင် ပြည်ခိုင်ဖြိုးက ၃၂ နေရာ၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ နေရာနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၂ နေရာဖြင့် အသီးသီးအနိုင်ရထားသည်။

‘‘အင်န်အယ်လ်ဒီက သမ္မတ လောင်း နှစ်ဦးတင်ခွင့်ရသွားပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း သမ္မတက ခန့်ခွင့်ရှိတဲ့အတွက် အင်န်အယ်လ်ဒီဘာလုပ်မလဲဆို တဲ့ မေးခွန်းက လူတိုင်းစိတ်ဝင် စားတဲ့ မေးခွန်းပါ’’ဟု ဦးစိုင်းညွန့် လွင်က ပြောသည်။

လက်ရှိ နိုင်ငံရေး အခင်းအ ကျင်းအရ အင်န်အယ်လ်ဒီခေါင်း ဆောင်များ၏ အမြော်အမြင်ရှိမှု၊ ရင့်ကျက်မှုနှင့် သဘောထားကြီး မှုမှာ အရေးအကြီးဆုံးဖြစ်ကြောင်း SNLD ခေါင်းဆောင်များက သုံး သပ်သည်။

လွှတ်တော်ထဲရောက်သွား မည့် ပါတီဝင် ကိုယ်စားလှယ်လောင်းများအား အကျင့်ပျက်ခြစားမှု ရှောင် ကြဉ်ရန်နှင့် ပြုလုပ်ပါက လုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်း ဥက္ကဋ္ဌဦးခွန်ထွန်းဦးက သတိပေးသည်။

ပြည်ထောင်စုလွှတ်တော် တွင် တိုင်းရင်းသားပါတီများထဲမှ နေရာအများဆုံးရသည့် ပါတီနှစ် ခုမှာ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုး သားပါတီတို့ ဖြစ်ကြသည်။
7 day

No comments:

Post a Comment