Friday, December 18, 2015

ဓားဘုရင်၏ စက္ကူပေါ်ကအနုပညာ

မဂ္ဂဇင်း၊ ဂျာနယ်၊ ပို့စကတ် စတာတွေမှာ ကိုယ်သဘောကျတဲ့ ရုပ်ရှင်မင်းသား၊ တိရစ္ဆာန်ပုံ၊ ပန်းပွင့်ပုံလေးများပါလာလျှင် ကတ်ကြေးဖြင့် ဖြတ်ယူညှပ်ထားပြီး ဆော့ကစားကြသည်ကို ကလေးဘဝတွင် လူတော်တော်များများ လုပ်ဖူးကြမည်ထင်သည်။

ပုံအကတ်လိုက်ထဲမှ မိမိလို ချင်သောရုပ်ပုံလေးတစ်ခု ချော ချောမောမောထွက်လာစေရန် ဓား၊ ကတ်ကြေး စသည်တို့ကို အသုံးပြု၍ မည်မျှအားထုတ်ရ ကြောင်း လုပ်ဖူးကြသူတိုင်း သိပါ လိမ့်မည်။ မလိုအပ်သည့်ဘေး သားစက္ကူများကို ခက်ခက်ခဲခဲ ညှပ်ထုတ်ပစ်ရသည်။ တစ်ခါတစ် ရံများ လက်လွန်ပြီး ကိုယ်လိုချင် သည့် ရုပ်ပုံအသားကို ညှပ်မိလှီးမိ လျှင်တော့ တောက်တခေါက် ခေါက်ဖြင့် စိတ်ပင်ပန်းစွာခံစားမှုရပြန်သည်။

ကလေးငယ်တစ်ယောက် မဆွဲတတ်ဆွဲတတ် ဆွဲထားသောနေဝင်ချိန်ပန်းချီကားက ဒီနိုင်ငံတွင် ပြခန်းအတွင်းသို့ရောက်သွား နိုင်သောအခွင့်အရေးရှိပါသည်။ သို့သော် ရုပ်ပုံစက္ကူထိုင်ညှပ်နေ သည့် ကလေးကတော့ အမှိုက်ဖွသည်၊ ဖျက်လိုဖျက်ဆီးလုပ်သည်ဟူ၍ ခေါင်းခေါက်ခံထိမှာတော့ကျိန်းသေပင်။ သို့သော် ကမ္ဘာ၏တစ်ဖက်ခြမ်းတွင်တော့ ထိုစာ ရွက်ညှပ်သည့် အလုပ်က ဒေါ်လာ သန်းနှင့်ချီဝင်ငွေရှိသော လွန်စွာ လက်ဝင်လှသည့်အနုပညာအဖြစ်ခေတ်စား၍နေသည်။ ထိုအရာကို Paper Art စာရွက်ညှပ်ခြင်းအနုပညာဟုခေါ်သည်။

Paper Art ဆိုသည်မှာ စာရွက်များကို ကတ်ကြေး၊ ဓား စသည့်တန်ဆာပလာ တို့ဖြင့် ပြုပြင် ညှပ်ထုတ်ပြင်ဆင်ရ သောအနုပညာဖြစ်သည်။ အေဒီ ၆ ရာစုနှစ်လောက်ကပင် တရုတ် နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပြီး အာရပ်နိုင်ငံများ၊ အနောက်နိုင်ငံ များသို့ရောက်ရှိပျံ့နှံ့ကာ ခက်ခဲ၍ လက်အဝင်ဆုံးအနုပညာတစ်ခု အဖြစ် ခေတ်စားလျက်ရှိသည်။ မြန်မာနိုင်ငံနှင့်အလှမ်းကွာသော အနုပညာတစ်ရပ်ဖြစ်သော်လည်း နိုင်ငံတကာတွင် လူကြိုက်များ ကာဖန်တီးပြုလုပ်နိုင်သူ အနုပညာရှင် လည်းနည်းပါးလှသည်။

ကမ္ဘာတစ်ဖက်တွင် ခေတ် စားလှသော ထိုအနုပညာတစ်ရပ်ကို မြန်မာနိုင်ငံနှင့် ရင်းနှီးထိတွေ့ ခွင့်ရအောင် ကြိုးစားနေသူတစ်ဦး ရှိသည်။

‘‘ကိုယ်တွေက ဓားကိုင် အနုပညာရှင်တွေလေ’’ဟု အပေါင်းအသင်းအချို့က ဓားမှာဘုရင် ထွေးအောင်လွင်ဟု အပြောင်အပြက်ခေါ်ကြသည့် ကိုထွေးအောင်လွင်က ရယ်ကျဲကျဲဖြင့်ဆို သည်။ ကိုထွေးအောင်လွင်သည် လွန်ခဲ့သော နှစ် ၂၀ ခန့်က ထိုကဲ့သို့စာရွက်ပေါင်း သောင်းခြောက်ထောင်ကိုညှပ်၍ ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည့် ကလေးငယ်တစ် ဦးပင်ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၏ ပထမဆုံး Professional Paper Cut Artist တစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်သည်။

Paper Art နှင့်ပတ်သက်၍ ပြောရလျှင် ပုံစံသုံးမျိုးရှိပြီး စာရွက်ကို ညှပ်ထုတ်လှီးဖြတ်သည့် PaperCutting Art စာရွက်လေးငါးခု လှီးညှပ်ပြီး စာရွက်ချင်းထပ်ကာ ပုံဖော်ရသည့် Layer Paper Cut စာရွက်အပိုင်းအစငယ်များကို ညှပ်ပြီးပြန်ကပ်ကာ ပုံဖော်ရသည့် Paper Stick Art ဟူ၍ရှိကြောင်း ကိုထွေးအောင်လွင်က ရှင်းပြ သည်။

Paper Cut Art ကို စက္ကူကိုညှပ်ပြီး ပန်းချီဆွဲသည်ဟု လွယ်လွယ်နားလည်နိုင်သော်လည်း ပန်းချီထက် ရင်သပ်ရှုမောစရာကောင်းသည်။ ပန်းချီက စုတ်ဖြင့်ဆွဲသည်။ ၎င်းက ဓားဖြင့်ဖြတ်ရ သည်။ ဟိုး...သေးသေး အနုစိတ်လက်ရာအထိ ဆံနွယ်ဖျားမှ ပါးရေတွန့်သည့်အရာအဆုံးဓားဖြင့် ဖြတ်ရသည်။ ငယ်စဉ်က ပုံကတ်များကို ရုပ်ပုံထွက်အောင် ညှပ်ရသည်နှင့် အနီးဆုံးဆင်တူသည်။

Layer Paper Art သည် စာရွက်အနည်းဆုံး နှစ်ရွက်မှနေ၍ ထပ်၍ရေးဆွဲရသည်။ စာရွက် တစ်ရွက်ချင်းစီကို လှီးဖြတ်ညှပ် ပြီး အရောင်ကွဲသောစာရွက် များကိုထပ်ကြည့်ပါက ကာလာ မတူပေါင်းစပ်ထားသော ရုပ်ပုံ တစ်ခုထွက်လာမည်ဖြစ်သည်။

Paper Stick Art မှာလိုချင် သောပုံနှင့် အရောင်များကို စာ ရွက်တစ်ခုချင်းဆီမှ ပြန်လည်ညှပ် ယူ၍ ကော်နှင့်ပြန်ကပ်ခြင်းဖြင့် ရုပ်ပုံဖော်ခြင်းဖြစ်သည်။ လူတစ် ယောက်၏ ဆံပင်ကိုပုံဖော်ရန် အစလေးများစွာပေါင်း ထောင် သောင်းနှင့်ချီ ပြန်ကပ်ရန်လိုအပ် သည်။

ကိုထွေးအောင်လွင်သည် မြန်မာနိုင်ငံတွင် Paper Art ဆို သည့်အနုပညာကို ပထမဆုံး စတင်မိတ်ဆက်ပေးသူဖြစ်ပြီး ပန်းချီပညာမှလွဲ၍ အခြားအရာ များကို ကိုယ်တိုင်လေ့လာခဲ့သူ ဖြစ်သည်။ ငယ်စဉ်ကတည်းက ဟန်းမိတ်ကတ်လေးများ၊ လက် ဆောင်ပစ္စည်းလေးများကိုပြုလုပ် ရန် ဝါသနာထုံခဲ့ပြီး ကြီးမားသည့် အနုပညာဗီဇကြောင့် အိမ်နှင့် အတိုက်အခံအမြဲဖြစ်သူတစ်ဦး ပင်။

ငယ်စဉ်က ပန်းချီဆွဲလျှင် ထမင်းငတ်မည်ဟု မိဘကပြော ဆိုဆုံးမပြီး လက်ဝါးဖြန့် အရိုက်ခံ ရသည်ကို လက်ရှိအချိန်ထိမှတ်မိ သေးကြောင်း သူကဆိုသည်။

စာရွက်ညှပ်ပြီးပုံဖော်သည် က ဘာအနုပညာမြောက်သလဲဟု စောဒကတက်ချင်သူများ၊ ထမင်း ငတ်မည်ဟု ဝေဖန်ခဲ့သူများကို ကိုထွေးအောင်လွင်၏ Paper Art လက်ရာများက ရိုက်ချိုးပစ်နိုင်ခဲ့ သည်။ သူ့ Paper Art များတွင် သူ၏ပါရမီနှင့် စိတ်ရှည်နိုင်မှုကို တွေ့နိုင်မည်ဖြစ်သည်။

ငယ်စဉ်ကတည်းက စာရွက် များကိုညှပ်ဖြတ်ပြီး ဟန်းမိတ် ပို့စကတ်လေးများ၊ စာအိတ်များ ပြုလုပ်လေ့ရှိပြီး Paper Art ကို စတင်စိတ်ဝင်စားလာကာ ၂၀၀၄ ခုနှစ်လောက်မှစ၍ လေ့လာဖြစ်သည်ဟုဆိုသည်။ ငယ်စဉ် ကတော့ အဆိုတော်၊ ရုပ်ရှင်မင်းသားပိုးဝင်လွန်း၍ အိမ်နှင့် ကတောက်ကဆအမြဲဖြစ်ရသည်။ နောက်ပိုင်းတွင်တော့ Paper Art ကို အစလုပ်မိရာမှ ဝါသနာထုံပြီးထိုအလုပ်ကိုပင်တစ်စိုက်မတ်မတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ကိုထွေး အောင်လွင်သည် ကွန်ပျူတာအင် ဂျင်နီယာဘွဲ့ကို နိုင်ငံခြားမှရရှိ ထားသူဖြစ်ပြီး Paper Art လုပ်ရန်ဆော့ဖ်ဝဲအင်ဂျင်နီယာအလုပ်မှ ထွက်ခဲ့သည်။ ထို့နောက် ၂၀၁၄တွင် ပန်းချီပညာရှင် ဝင်းဖေမြင့်နှင့်တွေ့ဆုံပြီး ပန်းချီပညာကို အခြေခံကျကျသင်ယူခဲ့ရာမှ နားလည်ခဲ့သည်ဟု ၎င်းကဆိုသည်။

Paper Art များပြုလုပ်ရင်း လူမှုကွန်ရက်ကလည်း သူ့ကို အများကြီးအကျိုးပြုခဲ့သည်။ အင်တာနက်မှ Paper Art လုပ် သည့်ဗီဒီယိုများကိုလေ့လာရင်း ဝေဖန်အကြံပြုမှုများကိုလည်း အင်တာနက်မှတစ်ဆင့် သူရခဲ့ သည်။

တစ်နေ့တွင် ကမ္ဘာ့အတော် ဆုံး Paper Cut Artist တစ်ဦးဖြစ် သည့် ဂျပန်လူမျိုး Nhho Koko Jima ၏ အင်တာနက်စာမျက်နှာ အောက်တွင် သူပြုလုပ်ထားသည့် Paper Art လက်ရာများကို သွား သွားပြသပြီး အကြံတောင်းခံလေ့ ရှိသည်။ သို့သော် Nhho Koko Jima က သူ့လက်ရာများကို အဆင့်အတန်းမီသော Paper Art များအဖြစ် မသတ်မှတ်ခဲ့ပေ။ ‘‘ကျွန်တော် အရမ်းဒေါသထွက် သွားတယ်ဗျ။ ကျွန်တော့်လက်ရာ တွေကို သူက Paper Art မဟုတ် ဘူးလို့ပြောခဲ့တာ။ ကျွန်တော် ခံပြင်းပြီး အရင်ကထက်ပိုကြိုးစား တယ်’’

တစ်နေ့တွင်တော့ သူပြုလုပ် ထားသည့် ကနုတ်ပန်းနွယ်ဘီလူး လက်ရာ Paper Art ကို Nhho Koko Jima က အံ့သြတကြီးချီး ကျူးခဲ့သည်ဟု ကိုထွေးအောင် လွင်ကဆိုသည်။ ပြီးနောက် ကမ္ဘာအတော်ဆုံး Paper Cut Artist တစ်ဦးက သူ့လက်ရာကို ရောင်းချရန်ဈေးနှုန်းသတ်မှတ်ပေးခဲ့သည်ဟု သူကဆက်၍ပြော သည်။ ‘‘ကျွန်တော့် ဘီလူးလက် ရာ Paper Art ကို ဒေါ်လာတစ် သောင်းနဲ့ရောင်းဖို့ သူဈေးသတ် မှတ်ပေးတာဗျ’’။ တကယ်တမ်း တော့ ထိုအရုပ်ကို ငွေခုနစ်သိန်း ဖြင့် ကိုထွေးအောင်လွင်ရောင်းချ ခဲ့သည်။

နိုင်ငံတကာတွင် Paper Art ပညာရှင်များက Paper Art လုပ် ရန် ကိရိယာတန်ဆာပလာမျိုးစုံ ကို အသုံးပြုကြသော်လည်း ကိုထွေးအောင်လွင်ကတော့ ဓား တစ်ချောင်းကိုသာ အသုံးပြုသည်။ ထို့ကြောင့်လည်း သူ့နာမည်ပြောင်က ဓားမှာဘုရင်ထွေးအောင်လွင် ဟူ၍။

‘‘ဓားကိုင်ရတာကို စုတ်တံ ကိုင်ရတာထက် ပိုသဘောကျ သွားတယ်ဗျ။ ကျွန်တော် ပုံတစ်ပုံ ကို ဓားနဲ့ဆွဲတာက စုတ်တံနဲ့ဆွဲ တာထက် ပိုလှလိမ့်မယ်’’ဟု ဆိုပါသည်။ ပန်းချီဆရာတစ် ယောက်တွင် ဆေးစက်ကျရာ အရုပ်ထင်နိုင်သည့် ပြုပြင်နိုင်စွမ်း ရှိသော်လည်း Paper Artist အတွက်တော့ ဓားချက်တိုင်းက အရေးကြီးသည် ဓားချက်မှားလျှင် မည်မျှပင် ကောင်းနေပါစေ တစ် ခုလုံးလွှင့်ပစ်ရသည်။

Paper Art လုပ်ရန် သီးသန့် စက္ကူမျိုးကို အသုံးပြုရပြီး ထိုစက္ကူ မှာ ၂ပေပတ်လည်လျှင် ၃,၀၀၀ ကျပ်တန်ဖိုးရှိကာ နိုင်ငံခြားမှ တကူးတကမှာရသည်မျိုးဖြစ်သည်။ စက္ကူက အချိန်ကြာကြာအထားခံ ပြီး မှိုမတက်၊ ဓားနှင့်ဖြတ်လျှင် မဖွာတတ်၍ အဆင်ပြေသည်ဟု ၎င်းကပြောသည်။

ယခင်ကတော့ သာမန်စတိုး ဆိုင်တွင်ဝယ်ယူနိုင်သည့် တရုတ် ဓားများဖြင့် လှီးဖြတ်ခဲ့ရပြီး ယခု တော့ နိုင်ငံခြားမှမိတ်ဆွေများပို့ ပေးသည့် ဓားအကောင်းစားသုံး၍ လှီးဖြတ်ရေးဆွဲနေပြီဖြစ်သည်။

ကိုထွေးအောင်လွင်က သူ့ Paper Art များကိုရောင်းချလေ့ ရှိသော်လည်း စီးပွားဖြစ်ဆိုသည် ထက် အဆိုပါအနုပညာကို လူပို သိလာရန်ရည်ရွယ်သည်။ Paper Art တစ်ခုလျှင် တစ်သောင်းခွဲမှ နေ၍ အများဆုံး ၁၀ သိန်းဖြင့် ရောင်းချဖူးကြောင်း သူကပြော သည်။ ထို့ပြင် နီပေါငလျင်၊ တိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ငန်း များနှင့် မြန်မာပြည်ရေဘေးများ တွင်လည်း Paper Art များကို လှူဒါန်းခဲ့သည်။ တစ်ကိုယ်တော် ပြပွဲကို ၂၀၁၄ တွင်တစ်ကြိမ် ပြု လုပ်ခဲ့ဖူးပြီး ၂၀၁၆ တွင်လည်း ပြပွဲတစ်ကြိမ် ထပ်လုပ်မည်ဟု သူကဆိုသည်။

ဓားဖြင့်လှီးဖြတ်ရေးဆွဲသော သူ့လက်ရာများတွင် ပုံစံအစုံပါ သည်။ ပုံတူရုပ်မှစ၍ nude ပုံ၊ တိရစ္ဆာန်ပုံ၊ ဘုရားပုံ၊ မြေပုံ စသဖြင့်ဆွဲလို့ရသမျှပုံ အကုန်သူ PaperArt လုပ်သည်။ နိုင်ငံတကာအဆင့်မီသည်ဟု ပညာရှင်များက ဆိုထားသော်လည်း သူ့ လက်ရာ ဘယ်လောက်ကောင်း ကောင်း စီးပွားရေးအရရပ်တည်ဖို့ ခက်ခဲနေဆဲပင်။

‘‘စီးပွားရေးအရ မရပ်တည် နိုင်လည်း ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေလုပ်နေရတာ အေးချမ်းပါတယ်။ ဒီနိုင်ငံက လူတွေ အနုပညာကိုခံစားနိုင် လောက်အောင် အဆင်မပြေကြ သေးဘူးဗျ’’ဟု ၎င်းကပြောသည်။ စားဝတ်နေရေးအတွက် လှုပ်ရှား နေရသူများသည် အနုပညာကို သက်သက်ကဏ္ဍတစ်ခုအချိန်ပေး ၍ ခံစားနိုင်ရန် မလွယ်ကြောင်း သူကဆိုသည်။

‘‘အစိုးရသစ်လက်ထက်မယ် တော့ စားဝတ်နေရေးအဆင်ပြေ တဲ့အခါ လူတွေအနုပညာကို တန်ဖိုးပိုထားတတ်လာမယ်ထင် ပါတယ်’’ သူကတော့ ယုံကြည်ရာ ကို အတိုက်အခံပြု၍ လုပ်ခဲ့သလို ရှေ့ဆက်ပြီးတော့ Paper Art ကို လူအများလက်ခံရင်းနှီးလာပြီး အနုပညာတစ်ခုအဖြစ် မြင်လာ မည်ဟု သူကဆိုသည်။ ‘‘စနစ်သစ် ကို စာရွက်ဖောက်ရင်း စောင့်နေ တယ်ပေါ့ဗျာ’’

ကမ္ဘာပေါ်တွင် ဈေးအကြီး ဆုံး Paper Art မှာ တရုတ်နိုင်ငံ တွင်ရှိပြီး ဒေါ်လာတစ်သန်းတန်ဖိုး ရှိသည်။ အကယ်၍ သင့်ပတ်ဝန်း ကျင်တွင် စက္ကူများကို ညှပ်လိုက် ကပ်လိုက်လုပ်သည့် ကလေးငယ် များတွေ့လျှင် ဖျက်လိုဖျက်ဆီး လုပ်သည်ဟု မယူဆဘဲ အနု ပညာပိုးပါသည်ဟုယူဆပြီး Paper Art နှင့်မိတ်ဆက်ပေးသင့် ပါသည်။
7 day

No comments:

Post a Comment