Thursday, December 17, 2015

စည်းမျဉ်းသစ်က မြန်မာကစားသမားကောင်းများမွေးထုတ်ရေး အလုပ်ဖြစ်မလား

၂၀၁၆ ဇန်န၀ါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၌
ပြည်တွင်းဘောလုံးသမားများ နေရာပိုမိုရရှိရန် ရည်ရွယ်ပြီးပြိုင်ပွဲအတွင်း နိုင်ငံခြားကစားသမားပွဲထွက်အသုံးပြမှုအပေါ် ကန့်သတ်သည့်စည်းမျဉ်းသစ်ကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။
အတည်ပြုလိုက်သည့် စည်းမျဉ်းသစ်မှာနေရှင်နယ်လိဂ် ကလပ်အသင်းများက ကစားသမားခေါ်ယူရာတွင် (၃+၁) စနစ်ဖြင့် နိုင်ငံခြားသားသုံးဦးနှင့် အာရှကစားသမားတစ်ဦး၊ ကစားသမားခေါ်ယူခွင့် လေးဦးခွင့်ပြုခဲ့သော်လည်း ကွင်းအတွင်း၌ သုံးဦးသာ ကစားခွင့်ပြုမည့် စည်းမျဉ်းဖြစ်သည်။ အခြားနိုင်ငံခြားကစားသမားတစ်ဦးကို ထပ်မံအသုံးပြုလိုပါကကွင်းအတွင်းရှိ နိုင်ငံခြားကစားသမားတစ်ဦးနှင့် လဲလှယ်ရမည်ဖြစ်သည်။
အဆိုပါ စည်းမျဉ်းသစ်ကြောင့် မြန်မာလိဂ်ပြိုင်ပွဲ၏ ‘‘For the League, for the Nation’’ဆိုသော ဆောင်ပုဒ်အတိုင်း မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၌ရွေးချယ်ခံရနိုင်သည့် မျှော်လင့်ချက်ဖြင့် ကြိုးစားယှဉ်ပြိုင်လာမည့်ပြည်တွင်း ကစားသမားများအတွက် ကြိုဆိုထောက်ခံသူများရှိသကဲ့သို့ စည်းမျဉ်းသစ်ကို ပြိုင်ပွဲအနားနီးမှ အတည်ပြုလိုက်ခြင်းကြောင့် ကန့်ကွက်သူများလည်းရှိလာသည်။

‘‘ကျွန်တော်တို့အသင်းက ဆန္ဒပြုထောက်ခံတဲ့ အသင်းထဲမှာမပါခဲ့ဘူး။ ပြည်တွင်းကစားသမားတွေနေရာရဖို့အတွက် ရည်ရွယ်ချက်ကောင်းလို့ ကန့်ကွက်စရာ မရှိပါဘူး။ လိဂ်ပြိုင်ပွဲပဲ မကြာခင်မှာ စပါတော့မယ်။ ကစားသမားသုံး
ဦးပဲ အသုံးပြုခွင့်ပေးမယ်ဆိုတဲ့ အကြောင်းကို ကြိုတင်အကြောင်းတာမရှိခဲ့ပါဘူး။ ကလပ်အသင်းတိုင်းက နည်းပြပဲဖြစ်ဖြစ် ကစားသမားပဲဖြစ်ဖြစ် ကိုယ့်အသင်းရဲ့အားနည်းတဲ့နေရာမှာ ခေါ်ယူနိုင်ဖို့ အချိန်ယူ ပြင်ဆင်ရတာပါ’’ဟု ရာသီသစ်အတွက် ပြည်ပကစားသမားလေးဦးစလုံးကို ခေါ်ယူထားပြီး ဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးမင်းဆွေဦးက ယင်းစည်းမျဉ်းသစ်နှင့် ပတ်သက်၍ပြောသည်။
လိဂ်ပြိုင်ပွဲစတင်ပြီး ရှစ်ခုမြောက်ရာသီ၌ ကျင့်သုံးတော့မည့် ယင်းစည်းမျဉ်းသစ်အတည်ပြုခြင်းကို ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာလိဂ်ကော်မတီအစည်းအဝေး၌ လိဂ်(၁)နှင့် လိဂ်
(၂) ကလပ်အသင်းများမှ ကိုယ်စားလှယ် ၂၂ ဦး တက်ရောက်ခဲ့ပြီး ထောက်ခံမဲ ၁၅ မဲဖြင့် အဆိုပါစည်းမျဉ်းသစ်ကို မဲခွဲအတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
‘‘လက်ရွေးစင်အသင်းအတွက် ကစားသမားကောင်းတွေပိုမို ထွက်ပေါ်လာဖို့ ပြည်တွင်းကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို မြင်တွေ့လိုတာကြောင့် စည်းမျဉ်းသစ်ကို အတည်ပြုလိုက်တာပါ’’ဟု မြန်မာနေရှင်နယ်လိဂ်ပြိုင်
ပွဲကျင်းပရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းမှာ ပြည်တွင်းပြိုင်ပွဲများ၌သာ အကျူံးဝင်မည်ဖြစ်သော်လည်း ပြည်ပပြိုင်ပွဲများ ယှဉ်ပြိုင်ရမည့် ရန်ကုန်၊ ရတနာပုံ၊ ဧရာဝတီအသင်းများအနေဖြင့် ခေါ်ယူထားသည့် ကစားသမားလေးဦးကို အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။
‘‘လက်ရွေးစင်နေရာအတွက် မျှော်လင့်ချက်ထွက်လာမယ်ပေါ့။ ဆိုးတာက လက်ရွေးစင်အဆင့်ပိုခေါ်ထားနိုင်တဲ့အသင်းကြီးက အင်အားနည်းတဲ့အသင်းတွေထက်ပိုပြီး အင်အားကောင်းသွားမယ်လို့ ထင်တယ်။ အသင်းကြီး၊ အသင်းငယ်ကွာခြားချက်ဖြစ်လာနိုင်ပါတယ်။ ကောင်းတာကတော့ ပြည်တွင်းကစားသမားတွေတချို့ နေရာရမယ်။ ပြောရရင်
Horizon FC တို့၊ ရခိုင်အသင်းတို့ အားနည်းသွားလိမ့်မယ်။ ငွေကြေးသုံးစွဲနိုင်မှုက စကားပြောသွားမယ်လို့ ထင်တယ်’’ဟု ဂျာနယ်လစ်တစ်ဦးက ပြောသည်။
ထို့အပြင် နိုင်ငံခြားကစားသမားတစ်ဦးထည့်သွင်း အသုံးပြုခွင့်မရခြင်းကြောင့် အသင်းငယ်များမှ ပြန်လည်ယှဉ်ပြိုင်နိုင်စွမ်း
ရှိလာမည့်အပြင် အသင်းပိုင်ရှင်များအနေဖြင့် ငွေကုန်ကြေးကျသက်သာနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်ဟု သုံးသပ်သူမှုများရှိလာသည်။ ‘‘ကျွန်တော်တို့အသင်းအနေနဲ့က နိုင်ငံတကာပြိုင်ပွဲလည်း မရှိဘူး။ လိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အဆင့်လည်း မဟုတ်တော့ ပြည်ပကစားသမား သုံးဦးပဲဖြစ်ဖြစ်၊ လေးဦးပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ရန်ကုန်တို့ ဧရာဝတီတို့လို အသင်းတွေအတွက်တော့ အခက်တွေ့နိုင်ပါတယ်’’ဟု Horizon FC အသင်းအထွေထွေမန်နေဂျာ ဦးကျော်ကျော်ဦးကပြောသည်။
၂၀၀၉က စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲတွင် ပြည်ပကစားသမား ခေါ်ယူကစားခွင့်ကို ၂၀၀၉-၂၀၁၀ ရာသီ၌ ငါးဦး၊ ၂၀၁၁ပြိုင်ပွဲ၌ လေးဦးနှင့် ၂၀၁၂ တွင် (၃+၁) စနစ်ကို ပြောင်းလဲခေါ်ယူခွင့်ပြုခဲ့သည်။
ပြောင်းလဲကျင့်သုံးတော့မည့် အဆိုပါစည်းမျဉ်းမှာ အပြောင်းအရွှေ့ကာလ ဈေးကွက်ဖွင့်ပြီး တစ်လခွဲကြာမှသာ အတည်ပြုခဲ့ခြင်းကြောင့် နိုင်ငံခြားသားကစားသမားခေါ်ယူပြီးသည့် လိဂ်ကလပ်အသင်းများမှာ ကစားသမားပွဲထုတ်ရန်အတွက် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရကြောင်း ကလပ်အသင်း တာဝန်ရှိသူများကဆိုသည်။
‘‘ပြည်တွင်းကစားသမားတွေနေရာရလာမယ်လို့ ယူဆရပါတယ်။ အသင်းငယ်လေးအတွက်လည်း ကောင်းတယ်။ အသင်းကြီးတွေမှာ ပြည်ပကစားသမားတစ်ဦး လျော့သွားတော့ အသင်းကြီးတွေကို ပိုယှဉ်ပြိုင်နိုင်လာမယ့် အနေ အထားမှာရှိတယ်။ အသင်းပိုင်ရှင်တွေလည်း ငွေကုန်ကြေးကျသက်သာမယ်။ တစ်ခုတော့ရှိတာပေါ့။ လိဂ်ပြိုင်ပွဲက အရှိန်ကောင်းကောင်းနဲ့ ရှေ့ဆက်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာ နိုင်ငံခြားကစားသမားတွေ မြန်မာလိဂ်အပေါ် စိတ်ပျက်သွားမှာတော့ စိုးရိမ်ရတယ် ’’ဟု ဆောင်းပါးရှင် ဦးကျော်ဇင်ထွဋ်ကပြောသည်။
အတည်ပြုခဲ့သည့် စည်းမျဉ်းကြောင့် ပြည်တွင်းကစားသမားများ နေရာပိုရလာမည်ဖြစ်သည်။
ပြည်တွင်းကစားသမားများကစားခွင့်ပိုမိုရရှိလာသော်လည်း ကြိုးစားအားထုတ်မှုမရှိပါက ကလပ်အသင်းတွင်သာမက လက်ရွေးစင်အသင်း၌ပါ အောင်မြင်မှုရရှိရန် မျှော်မှန်းနိုင်မည် မဟုတ်ပေ။ထို့အပြင် ယင်းစည်းမျဉ်းပြောင်းလဲမှုကြောင့် တစ်စုံတစ်ရာ အကျိုးခံစားခွင့် ရရှိမည်မဟုတ်ပေ။
7 day

No comments:

Post a Comment