Monday, December 28, 2015

ရာမာဒီမြို့ကို အိုင်အက်စ်တို့လက်မှ အီရတ်စစ်တပ် ပြန်လည် သိမ်းယူနိုင်ရန် အလားအလာကောင်းလာ

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ သိမ်းပိုက်ထားရာ ရာမာဒီမြို့၏ မဟာဗျူဟာ အချက်အခြာ နေရာတစ်ခုကို အီရတ် စစ်တပ်က အောင်မြင်စွာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ရာမာဒီမြို့တွင် ယခင်က အစိုးရ ရုံးခွဲ ထားရှိရာ နေရာကို အပြည့်အဝ ပြန်လည် သိမ်းယူထားလိုက်ပြီဟု စစ်တပ်က ကြေညာသည်။ ယင်းနေရာနှင့် အနီးပတ်ဝန်းကျင်ကို အလုံးစုံ ထိန်းချုပ်ထားလိုက်ကြောင်း၊ ခုခံမည့် စစ်သွေးကြွများ အရိပ်အယောင် လုံးဝ မတွေ့ရကြောင်းလည်း စစ်တပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း ရာမာဒီ တစ်မြို့လုံး အတိုင်းအတာဖြင့် အိုင်အက်စ်လက်ကျန် အင်အားစု အချို့က တုံ့ပြန်ခုခံနေဆဲ ဖြစ်သည်ဟု ၎င်းက ဝန်ခံခဲ့သည်။ အီရတ်စစ်တပ်သည် ရာမာဒီကို ပြန်လည် သိမ်းယူရန်အတွက် သီတင်းပတ် အတော်များများ အချိန်ယူကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ဆွန်နီမွတ်ဆလင် အာရပ်အများစု နေထိုင်ရာမြို့သည် ဘဂ္ဂဒက်မြို့တော် အနောက်ဖက် ၅၅ မိုင်မျှ အကွာတွင် တည်ရှိပြီး မေလအတွင်းက အိုင်အက်စ်တို့ လက်အောက် ကျရောက်ခဲ့သည်။ ရာမာဒီကို လက်လွှတ်ရခြင်းသည် အီရတ် စစ်တပ်အတွက် အကြီးအကျယ် အရှက်ရစရာ ထိုးနှက်ချက် တစ်ခုလည်း ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း စစ်တပ်သည် မြို့ကို ပြန်လည် သိမ်းယူရန် တဖြည်းဖြည်း ရှေ့တိုး ချီတက်နိုင်ခဲ့သော်လည်း လမ်းများနှင့် အဆောက်အအုံများတွင် အိုင်အက်စ်တို့က မိုင်းများထောင်ထားသဖြင့် ခရီးသိပ်မပေါက် လှဘဲ ကြန့်ကြာနေသည်။

ယခု အစိုးရ အဆောက်အအုံ ပတ်ဝန်းကျင် နေရာကို မသိမ်းယူမီ စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံရသော်လည်း ယင်းကို ရှင်းလင်းပြီးချိန်တွင် ဝေဟင်ထောက်လှမ်းရေးက မည်သည့် လူသား လှုပ်ရှားမှုမျှ မတွေ့ရတော့ကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် စစ်သားများက ချဉ်းနင်းဝင်ရောက် နေရာယူခဲ့သည်။

အီရတ်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ရှာဘာအယ်လ် နူမာနီက “အခုအချိန်မှာတော့ အစိုးရရုံးနေရာ ပတ်ဝန်းကျင် အားလုံးကို အပြည့်အဝ ထိန်းချုပ်ထားလိုက်ပါပြီ။ အိုင်အက်စ်တွေ လှုပ်ရှားတဲ့ အရိပ်အယောင်လည်း မတွေ့ရဘူး။ ဒီနေရာကို ထိန်းချုပ်လိုက်နိုင်ခြင်းဟာ ရာမာဒီကို အပြည့်အဝ သိမ်းပိုက်နိုင်ရေးမှာ အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။ နောက်ထပ် ခြေလှမ်းကတော့ ဒီနေရာနဲ့ မြို့ထဲမှာ လက်ကျန်ရှိနေတဲ့ အိုင်အက်စ် အစွယ်အပွားတွေကို ရှင်းဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။

အီရတ်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် အရှိန်မြှင့်ခဲ့သည့် ထိုးစစ်သည် အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့သည်ဟု ကြေညာထားပြီး လအနည်းငယ်အတွင်း ရာမာဒီကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။

Ref: BBC

No comments:

Post a Comment