Monday, December 28, 2015

တရုတ်ရှိ ပြိုကျမိုင်းတွင်းပိုင်ရှင် မိမိကိုယ်ကို အဆုံးစီရင်

တရုတ်နိုင်ငံတွင် မတော်တဆ ပြိုကျမှု ဖြစ်ပွားရာ မိုင်းတွင်းတစ်ခု၏ ပိုင်ရှင်သည် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၅ ရက်က တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းဒေသတွင် ဂျစ်ပဆမ် ဓာတ်သတ္တုမိုင်းတစ်ခု ပြိုကျခဲ့ရာ လူတစ်ဦး သေဆုံးပြီး မိုင်းတွင်းလုပ်သား လေးဦးမှာမူ အသက်ရှင်လျက် လွတ်မြောက်ခဲ့သည်။ မိုင်းတွင်းအောက်ထဲတွင် အလုပ်သမား ၁၇ ဦး ပိတ်မိနေရာ ၎င်းတို့ကို ကယ်ထုတ်နိုင်ရန် အပြင်းအထန် ကြိုးစားနေရဆဲ ဖြစ်သည်။

တရုတ်တွင် မိုင်းတွင်း မတော်တဆမှုများ ဖြစ်ပေါ်သည့် မှတ်တမ်းများစွာ ရှိခဲ့ပြီး ယခုဖြစ်ရပ်တွင်မူ မိုင်းတွင်းပိုင်ရှင် မာကွန်ဘိုသည် အခင်းဖြစ်ပြီး နှစ်ရက်အကြာတွင် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။ ပြဿနာများစွာ ကြုံနေရသည့်နောက် ယူရောင်ကုမ္ပဏီ ဥက္ကဋ္ဌသည် မိုင်းတွင်းနေရာရှိ ရေတွင်းတစ်ခုထဲ ခုန်ကျပြီး သေကြောင်းကြံစည်သွားခြင်း ဖြစ်သည်။

၎င်း မိမိကိုယ်ကို သတ်သေရသည့် အဓိက အကြောင်းရင်းကို မသိရသေးသော်လည်း မိုင်းတွင်း မတော်တဆမှုများနှင့် ပတ်သက်၍ လုံခြုံရေးစံနှုန်း ပျက်ကွက်သည့် ကုမ္ပဏီများကို အာဏာပိုင်များက ပိုမိုတင်းကျပ်စွာ အရေးယူ လာမှုကြောင့် အဆိုပါ အခြေအနေများကို ရင်မဆိုင်လို၍ ထွက်ပေါက်ရှာသွားခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။

ဒီဇင်ဘာ ၂၇ ရက်၊ ၎င်းသေဆုံးသည့်နေ့တွင် ကယ်ဆယ်ရေးများသည် မိုင်းတွင်းအောက်ခြေတွင် ပိတ်မိနေသည့် အလုပ်သမားများထံ လွန်တူး အပေါက်ဖောက်ကာ စတင်ဆက်သွယ်လာနိုင်ပြီး အစားအစာနှင့် သောက်ရေများ ပို့ဆောင်ပေးရန် ကြိုးစားနေသည်။

မိုင်းလုပ်သားများ ကယ်ထုတ်နိုင်ရေး ကြိုးပမ်းမှုတွင် ကယ်ဆယ်ရေးလုပ်သား ၇၀၀ ကျော် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Ref: Xinhua

No comments:

Post a Comment