Saturday, February 20, 2016

Asian Chinlone Championship & Sepaktakraw Friendly Match ပြိုင်ပွဲ ဆုချီးမြှင့်

အားကစားဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကကြီးမှူး၍ အာရှခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၆ ခုနှစ် 2nd Asian Chinlone Championship & Sepaktakraw Friendly Match ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲက အမရပူရမြို့နယ်ရှိ ဝေရောစနကျောက်စိမ်းစေ တီတော်မြတ် ပရိဝုဏ်ရှိ မိုးလုံလေလုံအားကစားပြိုင်ကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် တာဝန်ရှိသူများသည် ခြင်းလုံးခတ်ပြိုင်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်နေသည့် ပွဲစဉ်အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို စတင်ကျင်းပရာ ဝန်ကြီးချုပ် က အာရှခြင်းလုံးပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး ဒုတိယအဆင့် မျိုးကွဲပြိုင်ပွဲတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကို လည်းကောင်း၊ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုးသား၊ အမျိုးသမီး အခြေခံအတွဲပြိုင်ပွဲတွင် ဆုရရှိကြသည့် အသင်းများမှ အားကစားသမားများကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသည့်အသင်းများမှ အားကစားသမားများအား လည်းကောင်း ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားတို့ကို အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက် အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာရှနိုင်ငံ ၁၂ နိုင်ငံမှ ပြိုင်ပွဲဝင် အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မလေးရှားအသင်း က ပထမ၊ မြန်မာအသင်းက ဒုတိယ၊ စင်ကာပူအသင်းနှင့် လာအိုအသင်းတို့က ပူးတွဲတတိယဆု၊ အမျိုးသား အခြေခံ အတွဲပြိုင်ပွဲတွင် ကမ္ဘောဒီးယားအသင်း က ပထမ၊ ကိုရီးယားအသင်းက ဒုတိယနှင့် အိန္ဒိယအသင်းက တတိယ၊ အမျိုးသမီး အခြေခံအတွဲပြိုင်ပွဲတွင် ထိုင်းအသင်း က ပထမ၊ လာအိုအသင်း က ဒုတိယနှင့် ကမ္ဘောဒီးယား အသင်းက တတိယ၊ အမျိုးသား ဒုတိယအဆင့် မျိုးကွဲပြိုင်ပွဲ တွင် မြန်မာအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယနှင့် ဂျပန်အသင်းက တတိယ၊ အမျိုးသမီး ဒုတိယအဆင့်မျိုးကွဲ ပြိုင်ပွဲ တွင် မြန်မာအသင်းက ပထမ၊ ထိုင်းအသင်းက ဒုတိယနှင့် ကမ္ဘောဒီးယား အသင်းက တတိယ၊ အမျိုးသား အခြေခံ မျိုးကွဲပြိုင်ပွဲတွင် မလေးရှားအသင်း က ပထမ၊ အီရန်အသင်းက ဒုတိယ၊ စင်ကာပူအသင်းနှင့် သီရိလင်္ကာ အသင်းတို့က ပူးတွဲ တတိယ၊ အမျိုးသမီးအခြေခံမျိုးကွဲ ပြိုင်ပွဲတွင် မလေးရှား အသင်းက ပထမ၊ မြန်မာအသင်း က ဒုတိယ၊ အင်ဒိုနီးရှားအသင်းက တတိယ၊ အမျိုးသား အခြေခံမျိုးတူပြိုင်ပွဲတွင် လာအိုအသင်းက ပထမ ၊ မြန်မာအသင်းက ဒုတိယနှင့် အင်ဒိုနီးရှားအသင်းက တတိယ၊ အမျိုးသမီး အခြေခံမျိုးတူပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း က ပထမ၊ လာအိုအသင်းက ဒုတိယနှင့် မလေးရှားအသင်း တို့က တတိယတို့ အသီးသီးဆွတ်ခူးရရှိခဲ့ ကြကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)
mwdmedia

No comments:

Post a Comment