Saturday, February 20, 2016

သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး စစ်သားက သေနတ်ဖြင့်ပစ်၊ ဒဏ်ရာရအမျိုးသား ဆေးရုံတွင်သေဆုံး သေနတ်ဖြင့်ပစ်သည့်တပ်ကြပ်ကို စစ်ဥပဒေအရ အရေးယူမည်ဟု တပ်မတော် တာဝန်ရှိသူပြော

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘူးစင်စခန်း သစ် ထုတ်လမ်းတွင် သစ်တင်လာ သည့်ကားကို တပ်က ဂိတ်ကြေး တောင်းရာ မပေးသဖြင့် စကား များရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသည်။
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ရှောပြာကျေးရွာ နှင့် ၁၂ မိုင်ခန့်ဝေးသည့် ဒေသ အခေါ် ဘူးစင်စခန်း သစ်ထုတ် လမ်းတွင် ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီခန့်က ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့်ပစ်သည့် တပ် ကြပ်ဌေးအောင်ကို ရွှေသောင်ယံရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ထားပြီး ၎င်းအား စစ်ဥပဒေအရ အရေးယူရန် စီစဉ်ထားသည်။

‘‘စစ်သားက အရပ်ဘက် ဥပဒေရော၊ စစ်ဥပဒေရော ထိန်း သိမ်းရမယ့် တာဝန်ရှိတယ်။ ပြစ်မှု ကျူးလွန်သူကတော့ အနည်းဆုံး ထောင် နှစ် ၂၀ပဲ။ သူတင်မဟုတ် ဘူး။ သူ့နောက်မှာရှိတဲ့ အဆင့် ဆင့်သော အရာရှိတွေပါ အရေး ယူခံရမှာဖြစ်တယ်’’ဟု အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦး စီးမှူး (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး ရဲငြိမ်းက ရှင်းပြ သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ သည့် ရှောပြာကျေးရွာအုပ်စု ရှမ်း ကွင်းကျေးရွာတွင် နေထိုင်သော ဦးမျိုးလွင် အသက် (၄၄)နှစ်သည် ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီခွဲ ၌ ပုသိမ်ဆေးရုံကြီးတွင် သေဆုံး သွားကြောင်း မိသားစုဝင်တစ်ဦး က ပြောသည်။

‘‘ခွဲစိတ်ခန်း မ၀င်ခင်က သတိရတယ်။ ပြန်ထွက်လာတော့ နေ့လယ် ၁၂ နာရီလောက်ရှိပြီ။ အသက်မထွက်ခင် သူ့ကိုယ်မှာ တပ်ထားတဲ့ပိုက်တွေကို ၀ူးဝါးဝူး ၀ါးနဲ့ဆွဲဖြုတ်တယ်။ ဆရာဝန်သွား ခေါ်နေတုန်း အသက်ထွက်သွား တယ်။ သေသွားချိန်အထိ သတိ မရသေးဘူး’’ဟု ၎င်း၏ မိသားစု ၀င်တစ်ဦးက ပြောသည်။

၎င်းသေဆုံးသွားခြင်းနှင့် ပတ်သက်၍ သေနတ်ဖြင့်ပစ်ခဲ့ သော တပ်ကြပ်ဌေးအောင်အား မူလဖွင့်လှစ်အရေးယူထားသည့်ပုဒ်မအစား ရွှေသောင်ယံရဲစခန်း က ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲဖွင့် လှစ်အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂိတ်ကြေးမပေးသည့်ကား ကို သေနတ်ဖြင့် အချက်ပေါင်း များစွာ လိုက်လံပစ်ခတ်ခဲ့ရာမှ ကားပေါ်လိုက်ပါလာသူ ငါးဦး အနက်မှ တစ်ဦး၏ဆီးအိမ် အထက်ပိုင်းတွင် ဒဏ်ရာရခဲ့၍ ပုသိမ်မြို့ ဆေးရုံကြီးသို့ ခေါ် ဆောင် ဆေးကုသစဉ် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

သစ်တင်လာသောကား သည် ပုဂ္ဂလိကသစ်ကားဖြစ်ပြီး သစ်လုပ်ငန်းပိုင် သရက်သားသစ် လုံး ကိုးတန်ခန့် တင်ဆောင်၍ မောင်းနှင်လာခဲ့ခြင်းဖြစ်ကာ ကားပေါ်တွင် လူကြီးသုံးဦးနှင့် သစ် ထုတ်သည့်ဒေသမှ ကလေးနှစ်ဦး လိုက်ပါလာသည်။

‘‘တပ်နဲ့ရဲက အမြဲတမ်း တောင်းနေကျပါ။ သူတို့က တောင်းတော့ ကားပေါ်ပါလာတဲ့ ကိုမိုးဇော် (ခေါ်) ကြောပြားကြီးနဲ့ စကားများတယ်။ အားလုံးက လည်း မူးနေတော့ ကြောပြားကြီး က စစ်သားကို လက်သီးနဲ့ထိုး လိုက်တယ်။ စစ်သားက သေနတ် နဲ့လိုက်ပစ်ရော’’ဟု ယင်းကား ပေါ်တွင် အတူပါလာသည့် ကိုကပြားက ပြောသည်။

သစ်ထုတ်လုပ်ရေးလမ်း တွင် တရားမဝင်သစ်တိုက်၊ သစ် ထုတ်နေသည့် ကားများအား တပ်၊ရဲနှင့်သစ်တောအပါအဝင် အဖွဲ့ အစည်းပေါင်းများစွာက တရား မဝင်ဂိတ်ကြေး တောင်းခံနေသည့် နေရာ ကိုးနေရာထက်မနည်း ရှိသည်။ ဂိတ်တစ်ဂိတ်စီတွင် သစ်ကားတစ်စီးလျှင် ကျပ်တစ် သောင်းခွဲမှ လေးသောင်းအထိ ပေးရသည်။ လက်ရှိဖြစ်ပွားသည့် ဘူးစင်စခန်းတွင် ပုံမှန်အားဖြင့် သစ်ကားတစ်စီးကို ကျပ်နှစ် သောင်းပေးရသည်ဟု ကိုကပြား ကဆက်လက်ရှင်းပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်သားသည် မြန်အောင်မြို့ အခြေစိုက် အမှတ် (၅၁) ခြေ လျင်တပ်ရင်းတွင် တာဝန်ထမ်း ဆောင်နေသည့် တပ်ကြပ်ဌေး အောင်ဖြစ်ပြီး အဆိုပါတပ်သည် ကမ်းခြေလုံခြုံရေးအတွက် ရွှေ သောင်ယံမြို့၌ စခန်းချထားသည့်တပ်တစ်ခုလည်းဖြစ်သည်။
7daydaily

No comments:

Post a Comment