Friday, March 25, 2016

“အမေရိကန်သံအမတ်သစ် ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားမည့် သံအမတ်အသစ် မစ္စတာစကော့မာစီရယ်လ်နှင့်ဇနီးတို့သည့် မြန်မာနိုင်ငံသို့ ယနေ့(မတ်လ ၂၅ရက်) တွင် ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်သံရုံးက ယင်းတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်၏နေရာတွင် ဆက်လက် တာဝန်ထမ်းဆောင်သွားမည့်သူလည်း ဖြစ်သည်။ ယခုရာထူးမတိုင်မီက သံအမတ်ကြီးမာစီရယ်လ်သည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုတွင် အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ် သြဂုတ် မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ယင်းရာထူးတာဝန်ကို ဝါရှင်တန်၌ မထမ်းဆောင်မီ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အရှေ့တောင်အာရှနှင့်ဆက်ဆံရေး ကို တာဝန်ယူရသော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံရေးရာ သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


သံအမတ်ကြီး မာစီရယ်လ်သည် နိုင်ငံခြားရေးဌာန၏လုပ်သက်ရင့်အကြီးတန်းအရာရှိတစ်ဦး ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနသို့ ၁၉၈၅ ခုနှစ်တွင် စတင်ဝင်ရောက် အမှုထမ်းခဲ့သည်။ ၎င်းသည် အရှေ့တောင်အာရှ ရေကြောင်းဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ အရှေ့တောင်အာရှကုန်းမြေမကြီးရုံး၏ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ဥရောပအရှေ့တောင်ပိုင်းဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်ဟုဆိုသည်။
သံအမတ်ကြီး မာစီရယ်လ်သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဘရာဇီးလ် နှင့် တူရကီ နိုင်ငံတို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးနှင့်စီးပွားရေးလုပ်ငန်းများဆိုင်ရာရုံး၏ ငွေကြေးဆိုင်ရာဗျူရိုတွင်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။
သံအမတ်ကြီး မာစီရယ်လ်သည် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်တွင် ကြီးပြင်းခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ် အင်ဖလက်ချာ ဥပဒေနှင့် သံတမန်ရေးရာ ဌာနမှ ဘွဲ့ရရှိခဲ့သူဖြစ်သည်။
7Day Daily

No comments:

Post a Comment