ကုလသမဂ္ဂက ပိတ်ပင်ထားသည့်စာရင်းမှ ဖယ်ရှားခံလိုက်ရပြီးနောက် ကြားဖြတ်ဖမ်းဆီးထားသည့် မြောက်ကိုရီးယားပိုင် သင်္ဘောတစ်စီးကို ဖိလစ်ပိုင်အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
လွန်ခဲ့သည့် တစ်လခန့်က ကုလသမဂ္ဂအနေဖြင့် မြောက်ကိုရီးယားအပေါ် တင်းကျပ်စွာပိတ်ပင်မှုများ ပြဋ္ဌာန်းလိုက်ပြီးနောက် မြောက်ကိုရီးယားကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သောသင်္ဘောများကို အဟန့်အတားမရှိ စစ်ဆေးပိုင်ခွင့်ကိုပါ ထည့်သွင်းသတ်မှတ်ခဲ့သည်။ ဖိလစ်ပိုင်က ကုလသမဂ္ဂ၏ ထောက်ခံမှုဖြင့် အဆိုပါကုမ္ပဏီပိုင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့သော်လည်း တရားမဝင်ကုန်စည်များ လုံးဝတင်ဆောင်လာမှုမရှိသည့်အတွက် မတ် ၂၄ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း တာဝန်ရှိသူများက ကြေညာခဲ့သည်။
တန်ချိန် ၇၀၀၀ နီးပါး တင်ဆောင်နိုင်သည့် Jin Teng ကုန်တင်သင်္ဘောနှင့် မြောက်ကိုရီးယားအမှုထမ်း ၂၁ ဦးကို ဖိလစ်ပိုင် တာဝန်ရှိသူများက စစ်ဆေးခဲ့သည်။ ထို့နောက်တွင်မူ လူဝင်မှု၊ အကောက်ခွန်၊ ကျန်းမာရေးနှင့် ဆိပ်ကမ်းစည်းမျဉ်းများအရ မည်သည့်ငြိစွန်းမှုမျှ မရှိကြောင်း အတည်ပြုနိုင်သဖြင့် မတ် ၂၄ ရက် ညနေပိုင်းတွင် တရုတ်သို့ ဦးတည်ခုတ်မောင်း ထွက်ခွာသွားခြင်း ဖြစ်သည်။
“မူဝါဒပိုင်းအရ Jin Teng ကုန်တင်သင်္ဘောကိုဆက်ပြီး ထိန်းသိမ်းထားစရာ မလိုတော့ပါဘူး”ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအရာရှိ ချားလ်ဟိုဆေးက ဆိုသည်။ သင်္ဘောပေါ်တင်ဆောင်လာသည့် ကုန်စည်များကို ကုလသမဂ္ဂအဖွဲ့အစည်းများက လာရောက် စစ်ဆေးမှု လုံးဝမရှိခဲ့ချေ။
မြောက်ကိုရီးယားက ဇန်နဝါရီလအတွင်း ၎င်းတို့၏ စတုတ္ထမြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို ပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂက မြောက်ကိုရီးယား၏ Ocean Maritime Management ကုမ္ပဏီက ပိုင်ဆိုင်သော သင်္ဘော ၃၁ စီးကို နာမည်ပျက်စာရင်း၌ ထည့်သွင်း သတ်မှတ်ကာ နျူကလီးယားလက်နက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ တင်ဆောင်မှုရှိမရှိ အချိန်မရွေး ကြားဖြတ်စစ်ဆေးနိုင်ကြောင်း ကြေညာခဲ့သည်။
ထို့နောက်တွင် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရုတ်နှင့် တိုက်ရိုက်ကုန်သွယ်သည့် သင်္ဘော ၄ စီးကိုမူ နာမည်ပျက်စာရင်းမှ ဖယ်ရှားပေးခဲ့ရာ Jin Tang လည်း အပါအဝင် ဖြစ်သည်။ အစောပိုင်းပိတ်ပင်သတ်မှတ်ချက် အပြီးတွင် ဖိလစ်ပိုင် အာဏာပိုင်များက Jin Tangကို ထိန်းသိမ်းထားသော်လည်း ယခုအခါ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ဆီရာလီယွန် နိုင်ငံအလံလွှင့်ထူကာ ခုတ်မောင်းနေသည့် Jin Teng သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖိလစ်ပိုင်သို့ ဆိုက်ရောက်လာကာ အုန်းဆံကုန်စည်များ ချနေချိန်တွင် ကြားဖြတ်ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။
7Day Daily
No comments:
Post a Comment