Tuesday, March 22, 2016

ဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်း ဆင်းပွဲကျင်းပ

ဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် လူအေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ၀င်းကိုကိုနှင့် တပ်နယ်မှအရာရှိကြီးများ၊ သင်တန်းဆင်းဗိုလ်လောင်းများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။




ဦးစွာ ဗိုလ်ချုပ်လူအေးက သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှာများပေးအပ်၍ အမှာစကားပြောကြားသည်။ အခမ်းအနားအပြီးတွင် စစ်ရာထူးခန့်ချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းဆင်း အရာရှိများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းအား သင်တန်းသား ၂၆ ဦးဖြင့် ဇန်န၀ါရီ ၅ ရက်မှ မတ် ၉ ရက်ထိ ရက်သတ္တ ၁၀ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ တပ်မတော်တွင် ၁၉၅၄ ခုနှစ်မှစ၍ အမျိုးသမီးစစ်ဝန်ထမ်း တပ်ဖွဲ့များကို ဖွဲ့စည်းကာ အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၁၄ ခုနှစ်တွင် လည်းကောင်း၊ အမှတ်စဉ်(၂)ကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း အသီးသီးဖွင့်လှစ်၍ စုစုပေါင်းအမျိုးသမီး ပြန်တမ်းဝင်အရာရှိ ၂၁၉ ဦးကို တာဝန်ပေးအပ်ခဲ့ပြီးဖြစ်သည်။ အလားတူ ဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ(အမျိုးသမီး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)နှင့် (၂)မှ အမျိုးသမီး ပြန်တမ်းဝင်အရာရှိ ၃၅ ဦးကိုလည်း သင်တန်းဆင်းပေးခဲ့ပြီး ယခုအခါ တပ်မတော်ဆေးရုံများတွင် တာဝန်အသီးသီး ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment