Wednesday, August 1, 2012

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင်သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံဖွယ်ရှိ

 from - 7DayNews Journal

ရေးသားသူ- ငြိမ်းငြိမ်းနိုင်
ရန်ကုန်၊ ဇူလိုင်-၃၀
ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလအတွင်းသွားရောက်မည့်အမေရိကန်ခရီးစဉ်တွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာဝေးကွာနေသော သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံရန် ရှိကြောင်း သတင်းရရှိသည်။


မြန်မာနာမည် ကိုမြင့်ဆန်းအောင်ဟုခေါ်သော မစ္စတာအလက်ဇန္ဒားအဲရစ်သည် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် ပြည်
နယ်ရှိ  စီရက်တဲလ်မြို့တွင်  နေထိုင်လျက်ရှိပြီး လေယာဉ်စီးရန် အဆင်မပြေသည့် ဝေဒနာရှိသည့်အတွက် မိခင်ဖြစ်သူထံလာရောက် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သော အင်္ဂလန်ခရီးစဉ်အတွင်း မိသားစုပြန်လည်   တွေ့ဆုံမှုတွင်လည်းသားကြီးအလက်ဇန္ဒားတက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးအနက် သားငယ်ဖြစ်သူ မြန်မာအမည် ကိုထိန်လင်းဟု ပေးထားသည့် မစ္စတာကင်မ်အဲရစ်ကမူ အင်္ဂလန်နိုင်ငံတွင်နေ ထိုင်လျက်ရှိပြီး မိခင်နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက် မိခင်ဖြစ်သူထံ နှစ်ကြိမ်လာရောက်
လည်ပတ်ခဲ့သလို   ဇွန်လအတွင်းဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်များတွင်လည်း မိခင်ဖြစ်သူနှင့်အတူ ခရီးစဉ်တစ်လျှောက် တွေ့ဆုံ
ခွင့်ရခဲ့သည်။

“သားအကြီးနဲ့ တယ်လီဖုန်းကနေ    စကားမကြာခဏပြောဖြစ်ပါတယ်။ ဟိုမှာလည်း မိသားစုမရှိပါဘူး။ တစ်ယောက်တည်းနေတာပါ” ဟု  မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

အသက် ၃၉ နှစ်ရှိပြီ ဖြစ်သောသားကြီး အလက်ဇန္ဒားသည် ဖခင်သေဆုံးပြီးနောက် ၁၉၉၉ ခုနှစ်အတွင်းက မိခင်နှင့်နောက်ဆုံး
အကြိမ်တွေ့ဆုံခွင့်ရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်ကာလများအတွင်းသားနှစ်ဦးနှင့် ငါးကြိမ်ခန့်သာတွေ့
ဆုံခွင့်ရရှိခဲ့သည်။

 မစ္စတာအလက်ဇန္ဒားက ၁၉၉၁ ခုနှစ်က နိုဗယ်ငြိမ်းချမ်းရေးဆုပေးပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား
တက်ရောက်ကာ အမှတ်တရစကားပြောခဲ့သည်။

၎င်းက ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး  အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်ရှိဗုဒ္ဓဘာသာတရားကျင့်ကြံသူများအသိုင်း
အ၀ိုင်းတွင် ရှေးတရုတ်ရိုးရာ တရားအားထုတ်မှုကုထုံး ကုထုံးတစ်မျိုးကို လေ့လာလိုက်စားနေသူဖြစ်သည်ဟု နိုင်ငံတကာဆောင်းပါး တစ်ပုဒ်တွင်ဖော်ပြထားသည်။

၎င်းက အနေအထိုင်အေးဆေးသူတစ်ဦးဖြစ်ပြီး သိုသိုသိပ်သိပ်နေတတ်သူတစ်ဦးဖြစ်၍ အမေရိကန်ပြည်ထောင်စုရှိ မြန်မာ
အသိုင်းအ၀ိုင်းနှင့်လည်း ထိစပ်မှုမရှိကြောင်း အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။  

သူမခရီးစဉ် အသေးစိတ်နှင့် ပတ်သက်ပြီး အတိအကျထုတ် ဖော်ပြောကြားခြင်း မရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်းအမေရိကန် သမ္မတ မစ္စတာ အိုဘားမားနှင့် တွေ့ဆုံရန်ရှိ၊ မရှိကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
 ဒေါ်အောင်ဆန်းစုကြည်သည် အိမ်ထောင်မပြုမီ ၁၉၇၀ အစောပိုင်းနှစ်များက နယူးယောက်မြို့တွင် နှစ်အနည်းငယ်ကြာ နေထိုင်ခဲ့ပြီး ကုလသမဂ္ဂ၀န်ထမ်းအဖြစ်လုပ်ကိုင်ခဲ့သည်။

No comments:

Post a Comment