Wednesday, September 26, 2012

ကျောက်မီးသွေး လျှပ်စစ်စက်ရုံ အစားထိုးလောင်စာ သုံးရန် သုံးပါတီတောင်းဆို

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို အစားထိုး လောင်စာဖြင့် လည်ပတ်ပေးရန် ဒေသခံ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများက တနင်္လာနေ့တွင် တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားကြောင်း ဦးဆောင်ပါဝင်သူများက ပြောသည်။


စက်တင်ဘာလ ၇ ရက်နေ့က ကော့သောင်းမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပါဝင်သည့် သုံးပါတီ ပူးပေါင်းအစည်းအဝေးမှ ကျောက်မီးသွေး
ဖြင့် စက်ရုံလည်ပတ်ခြင်းကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ချက်ချပြီးနောက် ယခုကဲ့သို့ စတင် အကောင်အထည်ဖော် လှုပ်ရှားခြင်းလည်း ဖြစ်သည်။

“ကျနော်တို့ ပြည်သူတွေက လျှပ်စစ်ဓါတ်အားကို လိုချင်ကြပါတယ်။ ဒါ့ကြောင့် ကျောက်မီးသွေးနဲ့ မလည်ဘဲ အစားထိုးလောင်စာတခုခု ဒီဇယ်နဲ့ပဲ ဖြစ်ဖြစ် လည်ပတ်ဖို့ ကျနော်တို့ အစည်းအဝေးက ဆုံးဖြတ်ပြီး တင်ပြတာပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးသန်းထွန်း က ပြောသည်။

ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ တိုင်း အစိုးရထံ တင်ပြရန်အတွက် ဒုတိယအကြိမ် အစည်းအဝေးကို တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့ကြပြီး ပါတီ သုံးခုမှ ကိုယ်စားလှယ်များအပြင် အမေ့အိမ် ပညာဒါနနှင့် ရပ်မိရပ်ဖများ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြကာ တိုင်း အစိုးထံ တင်ပြရန် စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

အမေ့အိမ် ပညာဒါနမှ သင်ကြာရေး တာဝန်ခံ ဦးမျိုးလွင်က “ကျနော် သွားလေ့လာပြီးပြီ။ လူနေရပ်ကွက်နဲ့ ပေ ၂ဝ လောက် ရေနုတ်မြောင်းကြီး တခုပဲ ခြားပါတယ် ခင်ဗျ။ ဒါဟာ အတော့်ကို ဆိုးရွားတဲ့ကိစ္စ ဖြစ်နေတယ်လေ။ ဒါ့ကြောင့် တခြားလောင်စာတွေနဲ့ လည်ပတ်ရင် လည်ပတ်ပေါ့။ အဲဒါမျိုး ကျနော်တို့ တိုက်တွန်းတာပါ” ဟု ပြောသည်။

တိုင်း အစိုးရသို့ တင်ပြချက်တွင် အစားထိုး လောင်စာတခုခုဖြင့် လည်ပတ်ရန် အပါအဝင် ကျောက်မီးသွေးဖြင့် မလည်ပတ်တော့ပါက ပြည်သူများ သိရှိရန် တိုင်း အစိုးရအနေနှင့် ကြေညာချက် တစောင် ထုတ်ပေးရန် ပါရှိပြီး တင်ပြချက်ကို တိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စသည်တို့သို့လည်း မိတ္တူများ ပေးပို့ထားကြောင်း သိရသည်။

ကော့သောင်းမြို့ ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ လျှပ်စစ်ဓါတ်အား ၈ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေး လုပ်ငန်း ကုမ္ပဏီ လိမိတက်မှ ထိုင်း-မြန်မာလူမျိုး ဦးကျော်လွင် ပိုင်ဆိုင်သည့် ထိုစက်ရုံသည် သြဂုတ်လအတွင်း လည်ပတ်မည်ဟု စက်ရုံ တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း ဒေသခံများ ၏ ကန့်ကွက်မှု စသည်တို့ကြောင့် လည်ပတ်ရန် ကြန့်ကြာနေဆဲ ဖြစ်သည်။

၎င်းစက်ရုံမှ မြို့ပေါ် ၁ဝ ရပ်ကွက်သို့ တယူနစ်လျှင် ကျပ် ၂ဝဝ နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေမည် ဖြစ်ပြီး စတင် လည်ပတ်ပါက ယူနစ် ၁၅ဝ ကို အခမဲ့ ပေးဝေမည် ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။

လက်ရှိ ကော့သောင်းမြို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဝေနေသည့် ဖိုးသီးချို (P.T.C ) မီးလင်းရေးမှ တယူနစ်လျှင် ၆၀၀ ကျပ်ကျော် နှုန်းဖြင့် ဖြန့်ဝေပေးလျက် ရှိသည်။
From-Mizzima

No comments:

Post a Comment