Monday, October 8, 2012

တိုက်ပွဲကြားက မြေစာပင်များ


အမြင့်ငါးပေခန့် ရှိသော အုတ်နံရံ ကာထားသည့် ခြံဝင်းကျယ်ကြီးသို့ အဖြူရောင် Van ကား တစ်စီး ကွေ့ဝင် လိုက်သည်ကို ထင်းပုံကြားရှိ လူငယ် တစ်စု ကားဆီသို့ မဝံ့မရဲ ကြည့်နေကြသည်။ ၎င်းတို့ ဘေး တွင် ခြောက်ပေါက် ဟု ခေါ်သော ခြေထောက် ခတ်သည့် ထိတ်တုံးနှစ်စုံ ရှိနေသည်။

အရပ်သား ဝတ်စုံဖြင့် သေနတ် ကိုင်ထားသော ကေအိုင်အေ စစ်ဗိုလ်သည် ထိုလူငယ်များကို အော် ဟစ် ခေါ် လိုက် သည်။ အဆိုပါ လူငယ်များသည် မဝံ့ မရဲဖြင့် ထွက်လာကာ ခုံတန်းလျားတွင် တန်းစီ ထိုင် နေကြ သည်။
ယင်းလူငယ်များမှာ တပ်မတော်နှင့် ကေအိုင် အေတို့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် သုံ့ပန်း အဖြစ် ကေအိုင်အေက ရရှိထားသော အစိုးရ တပ်မတော်သားများ ဖြစ်ပြီး အများစုမှာ ၁၈ နှစ် မပြည့်သေးသည့် ကလေး စစ်သားများ ဖြစ်သည်။ အချို့မှာ တပ်မတော်၏ ရှေ့တန်း တပ်စခန်းမှ ထွက် ပြေးလာသူများ ဖြစ်သည်။
အင်္ကျီအနီ ဝတ်ဆင်ထားသော အသက် ၁၅ နှစ်အရွယ် မောင်ခွား (အမည်လွှဲထား) သည် သွက်သွက် လက်လက်ဖြင့် ဆေးလိပ်တောင်း သောက် နေသည်။ ဆေးလိပ်ဘူးထဲမှ ဆေးလိပ် တစ်လိပ်ကို မီးညှိပြီး အားပါးတရ ရှိုက်ယူ လိုက်ပြီးနောက် အခြား သူများကို ဆေးလိပ် တစ်လိပ်စီ ဝေငှ လိုက်သည်။
"ကျွန်တော်က ရှေ့တန်း စစ်တပ်ကနေ ထွက် ပြေးလာပြီး အဖမ်းခံတာပါ" ဟုဆိုသည်။ မောင်ခွားသည် တနိုင်းမြို့ မှုံတိန် ရပ်ကွက် တွင် နေထိုင်သူ ဖြစ်ပြီး အစ်မဖြစ်သူ၏ ဆိုင်ကယ်ကို ယူကာ စတိတ်ရှိုးပွဲသို့ သွားရောက် ကြည့်ရှုစဉ် ဆိုင်ကယ်ပျောက်၍ ခြေလျင်လျှောက် ပြန်လာစဉ် တနိုင်း အခြေစိုက် ခမရ ၃၄၈ တပ်ရင်းမှ တပ်သား သစ် စုဆောင်းရေး အဖြစ် ခေါ်ဆောင် ခံရခြင်း ဖြစ်သည်။
ယင်းစုဆောင်းရေး တပ်တွင် နှစ်ရက်သာ နေခဲ့ ရပြီးနောက် မြစ်ကြီးနားမြို့ မရောက်မီ ပြည်ထောင် ကျေးရွာရှိ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်း တွင် လေးလခွဲ စစ်ရေး လေ့ကျင့်ခဲ့သည်။ သင်တန်း ပြီးသည်နှင့် တစ်ပြိုင်နက် ကေအိုင်အေ ထိန်းချုပ် နယ်မြေ ဖြစ်သော ဒေါ့ဖုန်းယန်ဘက်သို့ ရှေ့တန်း ထွက်လာရသည်။
"ကျွန်တော့်မှာ တိုက်ပွဲ အတွေ့အကြုံ သုံးပွဲ လောက် ရှိတယ်။ နောက် စစ်မတိုက် ချင်တော့လို့ ထွက်ပြေးတာ။ သေနတ်နဲ့ လိုက်ပစ်ပေမယ့် ချုံကွယ် ပြီးပြေးတော့ လွတ်တယ်။ ကေအိုင်အေ ဂျာယန် စခန်း မှာ အဖမ်းခံ ခဲ့တယ်" ဟု ၎င်းက ၎င်း၏ အတွေ့ အကြုံကို ရှင်းပြသည်။
သူသည် စစ်သား သက်တမ်း ခြောက်လခွဲ အကြာတွင် တပ်မတော်မှ ထွက်ပြေးလာခဲ့ပြီး လက်ရှိ ကေအိုင်အေ တွင် သုံ့ပန်း အဖြစ် ရောက်ရှိ နေသည်မှာ ရှစ်လကျော် ကြာမြင့် ခဲ့ပြီဖြစ်သည်။
၎င်းကဲ့သို့ပင် သုံ့ပန်း အဖြစ် ရောက်ရှိနေသည့် အစိုးရ တပ်မတော်မှ တပ်သား ၄၂ ဦးရှိပြီး ယင်း မတိုင်မီတွင် သုံ့ပန်းအဖြစ် ဖမ်းဆီး ရမိပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သူများ ရှိကြောင်း ကေအိုင် အေမှ ဗိုလ်မှူးကြီး အဆင့် အရာရှိများက ပြောကြား သည်။
အထက်ပါကဲ့သို့ သုံ့ပန်း အဖြစ် ရောက်ရှိသူ များတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် စစ်တပ်အတွင်းမှ ပါဝင်သူများ ရှိသကဲ့သို့ ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်နှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တို့တွင် နေထိုင်သူများလည်း ပါဝင်သည်။
ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က "ဦးအောင်မင်းနဲ့ အလွတ် သဘော တွေ့ တုန်းက ဒီ ကလေးစစ်သားတွေကို ပြန်အပ်ပေးဖို့ ပြောပြီး သားပါ။ ILO ကိုလည်းပြန်ခေါ်ပေးဖို့ အကြောင်းကြား ထားပါပြီ" ဟုဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင် ရာ အလုပ်သမား အဖွဲ့ (ILO) ကလည်း အစိုးရ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက် နေပြီဖြစ်သည်။ မောင်ခွားက "ကျွန်တော်တို့ မပြန်ချင်တော့ ဘူး။ ဒီလိုင်ဇာ မှာပဲ အလုပ် တစ်ခုခု လုပ်ပြီးနေချင် တယ်။ စစ်တပ်ကို ပြန်ပို့ရင် ထောင်ကျမှာ"ဟု ၎င်း က စိုးရိမ်စိတ်ဖြင့် ရှင်းပြသည်။
တပ်မတော်တွင် အရွယ် မရောက်မီ စစ်မှု ထမ်းဆောင် နေသည့် ကလေးသူငယ်များအား ရှာဖွေ ဖော်ထုတ်ရေး၊ တပ်မတော်မှ ထွက်ခွင့်ပြုရေး၊ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည် ပေါင်းစည်း ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ လုပ်ဆောင်မှုများ ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့နှင့် တပ် မတော်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။
"၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ အထိ ကလေး ၆၀၀ ကို စစ်တပ်မှ နုတ်ထွက်စေပြီး မိဘ ရပ်ထံ လွှဲပြောင်း ပေးနိုင်ခဲ့ပါတယ်"ဟု ကာကွယ် ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မောင်မောင်ရှင် က သြဂုတ်လ ၂၂ ရက်နေ့တွင် ပြောဆိုထားသည်။ ကမ္ဘာ့ ကုလသမဂ္ဂသည် တပ်မတော်ကို ကလေး သူငယ် အခွင့်အရေး ချိုးဖောက်သည့် အဖွဲ့အစည်း စာရင်းမှ ပယ်ဖျက်တော့မည်ဟု ယူနီဆက်မှ ဌာနေ ကိုယ်စားလှယ် မစ္စတာ ရာမက်ရှ်ရှရသာက ပြောဆို ထားသည်။
ကလေးသူငယ်များ အားလုံးသည် စစ်ပွဲကာလ အတွင်း အကာအကွယ် ရရှိပိုင်ခွင့် ရှိရမည်ဖြစ်ပြီး အသက် ၁၅ နှစ်အောက် ဖြစ်ပါက လက်နက်ကိုင် တပ်ဖွဲ့အတွင်း ဝင်ရောက်ခြင်း၊ စစ်ပွဲတွင် ပါဝင် တိုက်ခိုက်ခြင်း မပြုရဟု ကလေးသူငယ် ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူ စာချုပ် အပိုဒ် ၃၈ တွင် ဖော်ပြထားသည်။
သို့သော် ကုလသမဂ္ဂ၏ အစီရင်ခံစာ တွင်မူ တပ်မတော်နှင့် ကေအိုင်အေ အပါအဝင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း ရှစ်ခုတွင် ကလေး သူငယ်များကို စစ်သားအဖြစ် အသုံးပြုနေ ဆဲ  ဖြစ် ကြောင်း ဖော်ပြ ထားသည်။
ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ်မှ ကေအိုင်အေတွင် သုံ့ပန်း အဖြစ် ရောက်ရှိနေသူ ကလေး စစ်သားကျော်စွာ (အမည်လွှဲထား) က "ကျွန်တော် တို့မှာ အလုပ် မရှိဘူး။ အဲဒီအချိန်မှာ ဆရာကြီး (တပ်ကြပ်ကြီး) က စစ်တပ်ထဲ ဝင်ဖို့ လာခေါ်တာ။ ဝင်ပြီးမှ ထွက်ချင်တာ ထွက်လို့ မရတော့ဘူး"ဟု ဆိုသည်။
၎င်းတို့ တပ်မတော် ရှေ့တန်း ထွက်စဉ်က ကျေးရွာ၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့မှုများ ပြုလုပ် ခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာလည်း နေအိမ်များမှ ကေအိုင်အေများက သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ အဝေးထိန်း မိုင်းထောင်ခြင်းများ ပြု လုပ်ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းတို့က ရှင်းပြသည်။ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ် ပွား နေသည်မှာ တစ်နှစ်နှင့် သုံးလ ကျော်ခဲ့ပြီဖြစ်ရာ နှစ်ဦးနှစ်ဖက် ကျဆုံးမှုများကို စာရင်း အတိအကျ မထုတ်ပြန် သော်လည်း ကလေး စစ်သားများလည်း ပါဝင်ကြောင်း ကေအိုင်အေရှေ့တန်းစခန်းထံ စုံစမ်း သိရှိ ရသည်။
"မိုင်းထိလို့ ကျတာ များတယ်" ဟု ဒုတိယ ဗိုလ် အဆင့်ရှိသူ ကေအိုင်အေ အရာရှိက ဆိုသည်။ ကေအိုင်အေက ထိန်းသိမ်း ထားသော သုံ့ပန်းများကို တစ်စုံတစ်ရာ နှိပ်စက်ခြင်း မရှိဘဲ ကောင်းမွန်စွာ ကျွေးမွေး ပြုစု ထားကြောင်း ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားသည်။
"ဒီကလေး တွေကို လွှဲပြောင်းပေးဖို့ အဆင် သင့် ဖြစ်နေပါပြီ" ဟု ၎င်းက ဆိုသည်။ သို့သော် ထိုလူငယ်များ ကို မေးမြန်းရာတွင် နေရပ်ပြန်ချင်စိတ် မရှိကြဘဲ နယ်စပ် တစ်လျှောက် အလုပ်အကိုင် တစ်ခု ရရှိရန် ချိတ်ဆက် နေကြသည် ဟု တူညီစွာ ပြောဆိုကြသည်။
ဈေးဝယ်ခွင့်၊ ထင်းရှာဖွေခွင့် တို့ကို ရရှိနေပြီ ဖြစ်သော မောင်ခွားက "ကျွန်တော်တော့ မပြန် တော့ဘူး။ တနိုင်းက တစ်ယောက် လိုင်ဇာမှာ ဆိုင်ကယ် ဝပ်ရှော့ ဖွင့်ထားတဲ့ ဆီမှာ အလုပ်ဝင်လုပ်မယ်" ဟု ၎င်းက သူ၏ ရှေ့ဆက် ရည်ရွယ်ထားမှုကို ရင်ဖွင့် သည်။
ကချင် လွတ်လပ်ရေး အဖွဲ့၏ ဌာနချုပ်နယ် မြေဖြစ်သော လိုင်ဇာမြို့၏ တောင်ဘက် ဝေကြိုင် ရပ်ကွက် အတွင်းရှိ ခြံကျယ်ကြီးတွင် သုံ့ပန်း အဖြစ် နှင့် နေထိုင်ရသည်မှာ တစ်နှစ် ပြည့်တော့မည်ဖြစ် သည်။
နေအပူချိန် မြင့်မားနေသော မွန်းလွဲ ၁ နာရီ ခန့်တွင် ခုံတန်းလျား၌ မောင်ခွား အပါအဝင် ဆေးလိပ် ကိုယ်စီ ဖွာနေသော တိုက်ပွဲကြားက မြေစာပင်ဖြစ်ရ သည့် လူငယ် တစ်စုသည် အဖြူရောင် Van ကား ကို မျက်ရည်ဝဲစွာ ကြည့်ရှုနေကြသည်။

From- The Voice Weekly

No comments:

Post a Comment