Saturday, October 20, 2012

မန္တလေးတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားနှစ်ဦးရန်ဖြစ်ရာမှ တစ်ဦးသေဆုံး



မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့တော် ၈၄ လမ်းနှင့် ၄၂ လမ်းထောင့် ရှိ ပန်းတိုင်နေ့ အထူးနှင့် ဘော်ဒါဆောင်တွင် အဆောင်နေသော တက္ကသိုလ် ဝင်တန်း ကျောင်းသားနှစ်ဦးဖြစ်သူ မောင် သန်းထိုက်အောင် ၁၅ နှစ်နှင့် မောင်ဝင်း ကို ကို တို့သည် အောက်တိုဘာလ ၁၂ ရက်နေ့ ည
၁၁ နာရီတွင် စကားများ ခိုက်ရန် ဖြစ်ပွားရာ မောင်သန်းထိုက်အောင် မှာ ဦးခေါင်းသွေးထွက် ဒဏ်ရာရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း တွင် မန္တလေးပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်း သေဆုံးသူ မောင်သန်းထိုက်အောင်၏ ဖခင်ဖြစ်သူ ဦးမြင့်မောင်က The Voice Weekly သို့ပြောကြားသည်။

၎င်းတို့သည် ယင်းနေ့စာကျက် ချိန်အပြီး အိပ်ဆောင်သို့အသွား စကား များ ရန်ဖြစ်ခဲ့ကြောင်း၊ မောင်သန်းထိုက် အောင်၏ ဦးခေါင်းတွင်သွေးထွက် ဒဏ်ရာ ရရှိခဲ့သဖြင့် အဆောင်မှ တာဝန်ရှိ ဆရာ၊ ဆရာမများက ဆေးလိမ်းပေးခဲ့ ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်တွင် မောင်သန်းထိုက် အောင် စာကျက်တန်း မတတ်နိုင်သဖြင့် ဆရာ၊ ဆရာမများ သွားရောက်ကြည့်ရှုရာ တစ်ကိုယ်လုံးအေးစက် ကာခေါ်မရသဖြင့် မန္တလေးပြည်သူ ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီမိနစ် ၃၀ ခန့်မှ နေ့လယ် ၁၂ နာရီခန့်အထိ မောင်သန်း ထိုက်အောင်ကို ခွဲစိတ်ခန်းသို့ပို့ဆောင်ပြီး နောက်သေဆုံး သွားခဲ့ကြောင်း သေဆုံးသူ မောင်သန်းထိုက်အောင်ကို အနီးကပ် ကြည့်ရှုစောင့်ရှောက်သည့် အဒေါ် ဖြစ်သူ ဒေါ်မြင့်မြင့်နွယ်က ရှင်းပြ သည်။
"ကျွန်မတို့ မန္တလေးမှာ နေနေတဲ့ ဆွေမျိုးတွေကို အရင်အကြောင်းမကြား ဘဲ အဝေးကလူကို အကြောင်းကြား တယ်။ ကျွန်မတို့စောစောသိရင် လုပ် ပေးနိုင်တာလုပ်ပေးလို့ရတာပေါ့။ အဓိက မကျေနပ်တာက အအေးပတ်ပြီး နေမ ကောင်းလို့ ဆေးရုံတင်လိုက်ရတယ်။ နောက်တော့ဆုံးသွားတယ် လို့ပဲသိရ တယ်။ ဆေးရုံလိုက်သွားပြီးသေချာ စုံစမ်းပြီးမှ ကလေးက အရိုက်ခံရမှန်းသိ တယ်" ဟုသေဆုံးသူ၏ အစ်မတစ်ဝမ်းကွဲဖြစ်သူ မန္တလေး နည်းပညာတက္ကသိုလ် မှ ဆရာမတစ်ဦး ကဆိုသည်။
ယင်းအမှုကို မဟာအောင်မြေမြို့ နယ်ရှိ အမှတ် (၉) ရဲစခန်းတွင် ပန်းတိုင် နေ့အထူးနှင့် ဘော်ဒါဆောင်မှ တာဝန် ရှိ ဆရာမတစ်ဦးက တရားလိုပြု၍ အမှု ဖွင့်ထားကြောင်း၊ ပြစ်မှုကျူးလွန်သူ မောင်ဝင်းကိုကိုကို ပုဒ်မ ၃၀၂ ဖြင့် ယင်းရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ ကျောင်းသားနှစ်ဦးရန်ဖြစ်ရာမှ ဦးခေါင်း ရိုးကျွံပြီးသေဆုံးခြင်းကို စစ်ဆေးဆဲဖြစ် ကြောင်း၊ အမှတ် (၉) ရဲစခန်း စခန်းမှူး ၏ပြောကြားချက်ကိုသေဆုံးသူ ကျောင်းသား မိဘများက ပြန်လည်ပြောကြားသည်။ "ဆေးစစ်ချက်မထွက်မချင်း ကျွန်မတို့ ဘယ်သူကိုမှဘာမှမပြောသေး ပါဘူး" ဟု အခင်းဖြစ်ပွားရာ ပန်းတိုင် နေ့အထူးနှင့် ဘော်ဒါဆောင်မှ အမည်မ ဖော်လိုသူ တာဝန်ရှိဆရာမကဆိုသည်။
ယင်းအမှုကို စုံစမ်းမေးမြန်းသည့် အမှတ် (၉) ရဲစခန်းမှ တာဝန်ရှိသူ စခန်းမှူး ဦးစိုင်းကိုကိုလတ်ကို အောက် တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ က တစ်ကြိမ်၊ ညနေ ၄ နာရီခန့်က တစ်ကြိမ်သွားရောက်မေးမြန်းရာ ရက် ချိန်းပေး၍ ပြန်လည်ဖြေဆိုခြင်း မရှိ ခဲ့ပေ။ သို့သော် အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် The Voice Weekly က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်က စာကျက် ချိန် အတန်းဖြုတ်၍ အပေါ်ထပ်အိပ် ဆောင်သို့ တက်ချိန်ကလေးချင်းစကား များရန်ဖြစ်ရာ တစ်ဦးဦးခေါင်းဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနေ့တွင် သွေး အနည်းငယ်ထွက်၍ အဆောင်မှ တာဝန် ရှိဆရာမက ဆေးလိမ်းပေးခဲ့ပြီး နောက် နေ့နံနက်တွင် ဆေးရုံသို့ပို့ဆောင်ခဲ့ ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
သေဆုံးသူ မောင်သန်းထိုက် အောင် မှာ အသက် ၁၅ နှစ်ရှိပြီး ယင်း အဆောင်တွင် အဋ္ဌမတန်းမှ ယခုနှစ် တက္ကသိုလ်ဝင်တန်းအထိ တက်ရောက် နေထိုင်ခဲ့ သူဖြစ်ကြောင်း၊ မောင်သန်း ထိုက်အောင်၏ ဇာတိမှာ ဖားကန့်မြို့ နယ်တာမခံမြို့ နမ်းစပိန်းရွာဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူ မောင်ဝင်းကိုကို မှာ ဟုမ္မလင်းမြို့နယ် နမ့်တောရွာဇာတိ ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် သေဆုံးသူမိသားစုဝင်များမှာ မျက်မှန်း တန်းခင်မင်ရင်းနှီးမှု ရှိကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူက ဆိုသည်။


မူရင်းသတင်း----THE VOICE JOURNAL

No comments:

Post a Comment