Friday, November 9, 2012

စစ်အစိုးရလက်ထက် မှောင်ခိုကုန်သွယ်မှု စွပ်စွဲချက်ဖြင့် အရေးယူခံရသူများ လွတ်ငြိမ်းခွင့်ရဖွယ်ရှိ

လွန်ခဲ့သောခြောက်နှစ်က မှောင်ခိုတင်သွင်းသည်ဟုစွပ်စွဲကာ အရေးယူခံခဲ့ရသော ကုန်ကား ၉၉ စီးနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ၀န်ထမ်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က သမ္မတဦးသိန်းစိန်သို့ နှုတ်ဖြင့် တင်ပြပြောဆိုပြီးပြီဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးဦးမောင်ကပြောသည်။



“လူကြီးကို အခြေအနေမှန်တွေ မတင်ပြနိုင်ခဲ့လို့ နားလည်မှုလွဲပြီး ဖြစ်ခဲ့ရတဲ့ကိစ္စတွေပါ။ အဲဒီကုန်ကား ၉၉ စီးပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ နှုတ်နဲ့ပြောပြီးပါပြီ”ဟု ညွှန်ကြားရေးမှူးဦးဦးမောင်က အောက်တိုဘာ ၃၀ ရက်တွင်ပြောသည်။

စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ် မေလ ၄ ရက်တွင် ရှမ်းပြည်နယ် သိန္နီမြို့အနီးတွင် မူဆယ်မြို့မှ ထွက်ခွာလာသော ကုန်ကား ၁၁၆ စီးအား ဖမ်းဆီးပြီး ၉၉ စီးကို အရေးယူခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်၍ လူ ၈၀ ကျော်ကိုလည်း အရေးယူခဲ့သည်။

“၀န်ထမ်း ၄၂ ဦးလည်း ပါတယ်။ ထောင်ခုနစ်နှစ်ကနေ ၄၂ နှစ်ထိ ချခံရတာ။ ၄၁ ယောက်က ၀ရမ်းထုတ်ခံရတာ(ကုန်သည် ၄၁ ဦးမှာ မှောင်ခိုမှုဖြင့် ၀ရမ်းထုတ်ခံထားရဆဲ)။ မလွတ်သေးတဲ့လူ ၄၁ ယောက် ကျန်သေးတယ်”ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးဖြစ်သူ ဦးထွန်းကိုကိုကပြောသည်။

သက်ဆိုင်ရာအသင်းအဖွဲ့များမှ ပေးပို့လာသောစာများ ရရှိလာပါက ထိုစာများဖြင့် နိုင်ငံတော်သမ္မတကြီးထံ တရားဝင်ပေးပို့သွားမည်ဟု ညွှန်ကြားရေးမှူးကဆိုသည်။

“ကုန်ကား ၉၉ စီးဆိုတာနဲ့ လူတွေက အစည်းအဝေးမတက်ချင်တော့ဘူး။ အရမ်းရင်နာတယ်။ မှောင်ခိုလုပ်လို့ အဖမ်းခံရတာမဟုတ်ဘူး။ နိုင်ငံတော်ကို အခွန်မှန်မှန်ဆောင်ပြီးတော့မှ အဖမ်းခံရတာ။ ဒီနေ့ထိ ကယ်ရီသမားကိုဖမ်းတာ တစ်စီးမှမရှိဘူး”ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးဖြစ်သူ ဒေါ်ရန်ကျူဟွယ်ကပြောသည်။

ထိုစဉ်က ဖမ်းဆီးရာတွင် ၁၂ ဘီး ကုန်တင်ကား ဆီလှောင်ကန်တွင် ဂါလန် ၅၀ ထက်ပိုနေသည့် ကားများကိုပင် အရေးယူခဲ့ကြောင်း ကုန်သည်များကပြောသည်။
From -7DayNewsJournal

No comments:

Post a Comment