Monday, May 6, 2013

မြန်မာ-ထိုင်းနယ်စပ် စက်မှုဇုန် တည်ထောင်မည်

မြန်မာ- ထိုင်းနိုင်ငံနယ်စပ်ရှိ ထားဝယ်-ကန်ချနာပူရီကားလမ်းအဆုံး ထီးခီးနယ်စပ်စခန်းရှိရာ ဒေသ တွင် ယခုနှစ်အတွင်း ထီးခီးစက်မှု ဇုန်တည်ထောင်မည်ဖြစ်ကြောင်း နေပြည်တော်သမ္မတရုံးမှ သတင်းရရှိသည်။ ယင်းစက်ရုံကို ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ပြီး စက်မှုဇုန်တည်ဆောက်ရန် ထိုင်း ကုမ္ပဏီများကို ကမ်းလှမ်းထားသည်။ စီမံကိန်းကို နှစ်နိုင်ငံက သဘောတူညီမှုရရှိထားပြီး ထီးခီးနယ်စပ် စခန်းဖွင့်လှစ်ပြီးမှသာ စတင်အကောင်အထည်ဖော်ရန်လျာထားကြောင်း နေပြည်တော်တွင် သမ္မတနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်များ တွေ့ဆုံသည့် အစည်းအဝေးမှ သတင်းရရှိသည်။

“MOU ထိုးတဲ့ အဆင့်ထိတော့ မရောက်သေးဘူး။ နှစ်နိုင်ငံလုံးကတော့ လုပ်ဖြစ်မယ်ဆိုတဲ့ သဘော တူညီမှုတော့ ရပြီ။ မေ ၂ ရက်မှာပဲ သမ္မတရုံးက ခွင့်ပြုလိုက်ပြီ”ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။

မည်သည့် စက်မှုဇုန် အမျိုးအစားဖြစ်မည်ကို မသိရှိရသေးကြောင်း စက်မှုဇုန်စတင်တည်ဆောက်မည့် ဆိုပါက သတင်းအချက်အလက်များ ထုတ်ပြန်ပေးမည်ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တည်ဆောက်ဖြစ်ပါက မြန်မာ အလုပ်သမားများအတွက် အခွင့်အရေး ရှိမည်ဖြစ်ပြီး ဦးစားပေးစာရင်းတွင် ထည့်သွင်းစဉ်းစားနှင့် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တိုက်တွန်းသွားမည်ဟု အထက်ပါတာဝန် ရှိသူက ပြောသည်။

စက်မှုဇုန် မတည်ထောင်မီကပင် ထီးခီးနယ်စပ်စခန်း ဖွင့်လှစ်မည်သတင်းများကြောင့် ယင်းဒေသ ရှိ မြေလွတ်မြေရိုင်းများကို လက်ညှိုးထိုး မြေရောင်းချမှုများ ပြုလုပ်နေပြီး လာရောက်ဝယ်ယူသူများမှာ ရန်ကုန်နှင့် မန္တလေးမြို့မှ ကုန်သည်များ ဖြစ်သည်ဟု သတင်းရရှိသည်။ မြေဈေးများလည်း မြှင့်တင်လျက် ရှိပြီး မြေကစားရောင်းဝယ်မှုများနှင့်မြေနေရာဦးများလည်း ဖြစ်ပေါ်လျက်ရှိ သည်။ယင်းစက်မှုဇုန်ကို ထိုင်း ကုမ္ပဏီ များမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီးထားဝယ်မှ ၉၉ မိုင်ကျော် ဝေးသော ထီးခီးဒေသနှင့် ကန်ချနာဘူရီခရိုင်၊ ဖူနန်ရွန်ဒေသတို့အကြားတည်ဆောက်သွားမည် ဖြစ်သည်။
  
7Day News Journal

No comments:

Post a Comment