Monday, May 6, 2013

တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံမည့်ကော်မတီ စတင်ဖွဲ့စည်း

တိုင်းရင်းသားများနှင့် ဆက်ဆံရေး ထိရောက်အောင်မြင်စေရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီကို ဧပြီ ၃၀ ရက်က စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်း က ပြောသည်။ ဦးဥာဏ်ဝင်းက “တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီမှ ကျွန်တော်
တို့ ဥက္ကဋ္ဌကြီး (ဒေါ်အောင်ဆန်းစုကြည်)ကိုယ်တိုင် တိုင်းရင်းသားအဖွဲ့နဲ့ ဆက်ဆံရင် ပိုပြီးကောင်းမယ်လို့ ဥက္ကဋ္ဌ အဖြစ် တာဝန်ခန့်အပ်ခဲ့ကြတာပါ” ဟု ပြောသည်။ အဆိုပါနေ့တွင် တိုင်းရင်းသား အဖွဲ့အစည်း များနှင့် ဆက်ဆံရေး ကော်မတီအပြင် အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ ကိုလည်း ထိုနေ့ကပင် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ထိုသို့ သီးသန့်ဖွဲ့စည်းရခြင်းမှာ ပါတီအနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများအား သတ်သတ်မှတ်မှတ် ဆက်ဆံမှုပြုနိုင်ရန် အတွက် ဖြစ်ကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံဦးဥာဏ်ဝင်းက ပြောသည်။ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက “ပါတီနဲ့ တိုင်းရင်းသားတွေက ဆက်ဆံမှု ရှိပြီးသားပါ။ ဒါပေမဲ့ သတ်သတ်မှတ်မှတ်လေး ဖြစ်သွားအောင် ဖွဲ့လိုက်တဲ့သဘောပါ” ဟု ပြောသည်။ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီတွင် လေးဦးပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ)၊ အဖွဲ့ဝင်များအဖြစ် ဦးမင်းဦး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးထွန်းထွန်းဟိန်း (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဒေါ်နန်းခင်ထွေးမြင့် (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်) တို့ပါဝင်ကြောင်းသိရသည်။ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးဥာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ အဖွဲ့ဝင်များအဖြစ် ဦးကျော်ခင် (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဒေါက်တာဇော်မြင့်မောင် (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)၊ ဦးသိန်းဆွေ (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းကော်မတီနှစ်ခု ဖွဲ့စည်းခြင်းအား ဧပြီ ၈ ရက်က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထား ပါသည်။ 

From....ခေတ်လူငယ်

No comments:

Post a Comment