Saturday, June 8, 2013

အိန္ဒိယမှ Johnson ပေါင်ဒါတွင် ကင်ဆာဖြစ်နိုင်သည့်ဓာတ် ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ Johnson သည် ထိုင်းပစ္စည်းဖြစ်ကြောင်း ရှင်းလင်း

6.7.9
မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော Johnson ပေါင်ဒါ အရောင်းကောင်တာ တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ထွယ်ဆန်အောင်)
အိန္ဒိယအစိုးရမှ Johnson and Johnson ကိုယ်လိမ်းပေါင်ဒါနှင့် ပတ်သက်၍ သုံးစွဲရန် မသင့်ကြောင်း မတ်လနှောင်းပိုင်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးသည့် Johnson and Johnson ကုမ္ပဏီ အနေဖြင့် ၄င်းတို့ကုမ္ပဏီမှ ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများသည် ထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်း များသာဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ရှင်းလင်းပြောကြားခဲ့သည်။

''လက်ရှိပြည်တွင်းမှာ ဖြန့်ဖြူးနေတဲ့ ပေါင်ဒါကတော့ အိန္ဒိယက ထုတ်လုပ်တဲ့ ပေါင်ဒါမဟုတ်ပါဘူး။ ကျွန်မတို့ ကုမ္ပဏီ အနေနဲ့ကတော့ ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကိုပဲ တင်သွင်းဖြန့်ဖြူးတာပါ။ အိန္ဒိယဘက်က အဲ့လိုပြဿနာဖြစ်ကတည်းက ပြည်သူတွေအနေနဲ့ ဖုန်းနဲ့လှမ်းမေးတာ မျိုးတွေ တော်တော်များများရှိတယ်။ ပြည်တွင်းက Johnson and Johnson ကုန်ပစ္စည်းတွေကတော့ ထိုင်းနိုင်ငံ FDA ရဲ့ ထောက်ခံချက် လက်မှတ်လည်း ရှိပါတယ်။ ပြည်သူတွေအနေနဲ့ စိတ်ချစွာ အသုံးပြုနိုင် ပါတယ်'' ဟဲု Johnson and Johnson ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သော Johnson and Johnson ကိုယ်လိမ်းပေါင်ဒါ၌ ကင်ဆာဖြစ်စေသည့် ဓာတ်တစ်မျိုး ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် အိန္ဒိယ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန မှ ၂၀၁၃ မတ်လကုန်ပိုင်းမှ စတင်ကာ ဖြန့်ဝေခွင့်လိုင်စင်အား ဖျက်သိမ်းလိုက်ကြောင်း အိန္ဒိယအစိုးရ က ထုတ်ပြန်ခဲ့သည်။

Johnson and Johnson ကုမ္ပဏီမှ ၂၀၀၇ ခုနှစ်အတွင်း ဖြန့်ဖြူးခဲ့သည့် ကိုယ်လိမ်းပေါင်ဒါ အမျိုးအစား ၁၅ ခုတွင် ethylene oxide နှင့် ပိုးသတ်ထားသည်ကို တွေ့ရှိရပြီး၊ ယင်း ethylene oxide ဖြင့် ပိုးသတ်၍ ကြွင်းကျန်နေသည့် ဓာတ်ပစ္စည်းများသည် ကင်ဆာကို ဖြစ်စေကြောင်း တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါ ကိုယ်လိမ်းပေါင်ဒါများ ထုတ်လုပ်ရာတွင် အိန္ဒိယအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ခွင့်ပြုသည့် ထုတ်လုပ်ပုံအဆင့်များနှင့် ထုတ်လုပ်ခြင်း မရှိသည်ကိုလည်း တွေ့ရကြောင်း သိရသည်။

ယင်းကိုယ်လိမ်းပေါင်ဒါများကို အထူးသဖြင့် မွေးကင်းစကလေးငယ်များအတွက် အသုံးပြုလေ့ရှိကြောင်းနှင့် ယင်းပေါင်ဒါသည် အရေပြားနှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

Johnson and Johnson ကုန်ပစ္စည်းသည် တရားမ၀င် လမ်းကြောင်းများမှ ၀င်ရောက်မှုလည်း ရှိကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။

Johnson and Johnson ကုန်ပစ္စည်းသည် အမေရိကန်နိုင်ငံ အခြေစိုက် ကုန်ပစ္စည်း အမှတ်တံဆိပ် တစ်မျိုးဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် စက်ရုံများထားရှိကာ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများကို ထုတ်လုပ်လျက် ရှိကြောင်းလည်း သိရသည်။
ELEVEN

No comments:

Post a Comment